တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၃၀)ကျော်သေ 

တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၃၀)ကျော်သေ 
ဖေဖော်ဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများအား ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃၀)ကျော်သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့မှ ထွက်လာသော ခမရ(၃၆၁)နှင့် ပျူစောထီး အင်အား (၁၀၅)ဦးအား ဝါးရငယ်ရွာအနောက်ဘက်နှင့် ခရမ်းခြံရွာအနီးတွင် အမှတ် (၁) ရွှေဘိုခရိုင်ကွပ်ကဲရေး၊ ရွှေဘိုခရိုင် တပ်ရင်းနှင့် တန့်ဆည်မြို့နယ် ပကဖတို့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၀)ဦး သေဆုံးသည်ဟု ဆိုသည်။ 

ထို့အပြင် ကံထူးမရွာမှ ထွက်လာသော ခမရ(၁၁၊ ၇၀၈)မှ အင်အား (၅၀)ခန့်အား ပဲခင်းကြီးရွာအနီးတွင် အမှတ်(၁)ရွှေဘိုခရိုင် ကွပ်ကဲရေးနှင့် ရွှေဘိုခရိုင်တပ်ရင်းများမှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆)ဦးသေဆုံးသည်ဟု ဆိုသည်။ 

ဖေဖော်ဝါရီလ (၂၁)ရက်တွင်လည်း ရဲတပ်ရင်း(၁၆)၊ ခမရ(၃၆၁)နှင့် ပျူစောထီးအင်အား (၃၀)ဝန်းကျင်ရှိ ကံထူးမရွာရဲစခန်းအား အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေးမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၁)ဦးသေဆုံးသည်ဟု သိရသည်။

၎င်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးပြီး ၎င်းရဲစခန်းမှ G-3 (၅)လက်၊ သီးဗုံး (၄)လုံး၊ MA-15 ကျည် (၁၆၃၅)တောင့်၊ ကျည်အိမ် (၁၂)ခု၊ ကျပ်ငွေ (၃၈)သိန်းကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃)ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ကံထူးမရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၂)ရက်နှင့် (၂၃) ရက်တို့တွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ(၁၁၊ ၇၀၈)နှင့် ပျူစောထီး အင်အား (၈၀)ဝန်းကျင်အား ရွှေဘိုခရိုင်တပ်ရင်းများမှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၇)ဦးသေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: အမှတ်(၁) စစ်ဒေသ