ရမ်းဗြဲမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းအား AA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆၀)ဦးကျော်သေပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ရမ်းဗြဲမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းအား AA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆၀)ဦးကျော်သေပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား(၁၂၀)ဝန်းကျင်သည် ရက္ခိုင့်တပ်တော်တိုက်ခိုက်မှုကြောင့် (၆၀)ကျော်သေပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း AA က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့အား လေကြောင်းမှ နေ့စဉ်နီးပါး တိုက်ခိုက်နေကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရဟတ်ယာဉ် (၄)စီးဖြင့် စစ်ကူများ လာရောက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကူစစ်ကြောင်းမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆)တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃)တပ်ရင်းတို့ဖြစ်ပြီး ၎င်းတပ်ရင်း (၂)ရင်းမှ လက်ကျန်အင်အားများကို ပူးပေါင်းထားခြင်းဖြစ်သည်ဟု သိရသည်။

စုစုပေါင်းအင်အား (၁၂၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သားများအား ရဟတ်ယာဉ်(၄)စီးဖြင့် (၇)ကြိမ် စစ်ကူချပေးခဲ့ပြီး ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၆၀)ကျော်သေကာ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းများစွာနှင့်အတူ လက်နက်ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ တပ်၏ တစ်နေ့လုံးနီးပါး မရပ်မနားလေကြောင်းမှ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်ကြားမှ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်သောကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက် အအုံများ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု သိရသည်။

ရခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအ များဆုံးမြို့ဖြစ်သည်ဟု သိရသည်။