ထိန်းချုပ်ရာဒေသများနှင့် မြို့ရွာများသို့ ပြောင်းရွေ့နေထိုင်ကြရန် ပြည်သူများအား ရက္ခိုင့်တပ်တော် တိုက်တွန်း

ထိန်းချုပ်ရာဒေသများနှင့် မြို့ရွာများသို့ ပြောင်းရွေ့နေထိုင်ကြရန် ပြည်သူများအား ရက္ခိုင့်တပ်တော် တိုက်တွန်း

စစ်ကောင်စီထိန်းချုပ်ထားသည့်နေရာများကို တိမ်းရှောင်နေမည့်အစား ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်ရာ ဒေသများ၊ မြို့၊ ရွာများသို့ ပြောင်းရွေ့နေထိုင်ကြရန် ပြည်သူများအား ရက္ခိုင့်တပ်တော်က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် အသိပေးတိုက်တွန်းလာသည်။

လက်ရှိ ရခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများသည် ရခိုင်ပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသောနေရာများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီထိန်းချုပ်ထားသော ရန်ကုန်အပါအဝင် အခြားသောမြို့များသို့ တိမ်းရှောင်နေကြမည့်အစား ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြိုရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ပြည်သူများကို အသိပေး တိုက်တွန်းကြောင်းထုတ်ပြန်လာသည်။

စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်းကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေများ ယုတ်လျော့နေပြီး ယခုအချိန်တွင် ပိုမိုဆိုးရွားနေကာ အဘက်ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံနေရသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုးကာ ရခိုင်လူမျိုးများကို ဖိနှိပ်ဆန့်ကျင်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီထိန်းချုပ်ထားသောဒေသများရှိ ရခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ဆိုးရွားစွာ ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

လူမှုကွန်ရက်သုံးစွဲသူ ရခိုင်လူမျိုးများကိုလည်း သက်သေအထောက်အထားတစ်စုံတရာမရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဥပဒေမဲ့ဖမ်းဆီးကာ အချုပ်ခန်းများအတွင်း၌ သတ်ဖြတ်အလောင်းဖျောက်မှုများကိုပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency