ရသေ့တောင်မြို့ကို စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံနေရ

ရသေ့တောင်မြို့ကို စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံနေရ
ဖေဖော်ဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်‌တော်က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံနေကြောင်း ရက္ခိုင့်တပ်တော်ထံမှ သိရသည်။

မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့များရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် သိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်နေသည့် ရသေ့တောင်မြို့ကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံနေခြင်းဖြစ်သည်ဟု သိရသည်။

ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများ၏ အနီးပတ်ဝန်းကျင်များကို ယမန်နေ့ ညပိုင်းမှစတင်ကာ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များဖြင့် မရပ်မနား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့မှ စစ်ကောင်စီတပ်သည် အတွဲလိုက်ဒုံးများဖြင့်လည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ်ဘက်မှ လက်နက် ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ရသေ့တောင်မြို့ရှိ ၎င်းတို့၏ စခန်းများအား ခုခံကာကွယ်နေသည်ဟု ဆိုသည်။

ထို့အပြင် ရမ်းဗြဲမြို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး  စစ်ကောင်စီ၏ ဂျက်ဖိုက်တာက လေကြောင်းမှ (၁၀)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi – 35 ရဟတ်ယာဉ်မှလည်း လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့၊ ကိုယ်ရံ‌တောင်ဘုရားအနီးဝန်းကျင်နှင့် အမှတ် (၅)လောင်းချောင်းရပ်ကွက်၊ တောင်ဥက္ကလာဘက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကာ အမှတ် (၄)ရပ်ကွက်၊ ကင်းတဲနှင့် အောင်စေတီရှိ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

  

ထို့အပြင် ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းအထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ပစ်ခတ်ခဲ့ပြီး အမှတ် (၄၁)တိုက်ခိုက်ရေးနေဗီတို့မှလည်း (၁၈)ကြိမ်ထက်မနည်း လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့တွင် တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ ကျောက်ဖြူချောင်းအနီးဝန်းကျင် နေရာများသို့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောက်ဖြူမြို့နယ် အခြေစိုက် ခမရ (၅၄၂) ဗျူဟာကုန်း နှင့် အမှတ် (၃၂) ရဲတပ်ရင်း တို့မှလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၆၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency