အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှုထမ်းဟောင်းများကို အရန်တပ်ဖွဲ့ ဥပဒေဖြင့် ပြန်လည်ခေါ်ယူပြီး တာဝန်ပေးသွားမည်

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှုထမ်းဟောင်းများကို အရန်တပ်ဖွဲ့ ဥပဒေဖြင့် ပြန်လည်ခေါ်ယူပြီး တာဝန်ပေးသွားမည်

 အာဏာသိမ်းစစ်ခေါင်းဆောင်က လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းတိုက်ပွဲများနှင့်ပတ်သက်ပြီး ကာကွယ်ရေးအင်အား တိုးမြှင့်ရန်အတွက် ၎င်း၏ စစ်မှုထမ်းဟောင်းများထဲက ခေါ်သင့်ခေါ်ထိုက်သူများကို ပြန်လည်ခေါ်ယူပြီး တာဝန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

"စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည် မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများကို  ပြန်လည်ခေါ်ယူပြီး တာဝန်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ နှင့် အရန်တပ်ဖွဲ့ဥပဒေ ဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်"ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီများနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူပြီး တာဝန်ပေးရန်အတွက် အရန်တပ်ဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က အသက်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။

အရန်တပ်ဥပဒေထဲတွင် "စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှ စ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်။" နှင့် "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မ ဟုတ် အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်သည်။"ဟု ပြဌာန်းထားသည်။

အရန်တပ်ဖွဲ့အဖြစ် သတ်မှတ်ခံထားရသူ အရန်တပ်ဖွဲ့ဝင်အား သက်တမ်းအားဖြင့် (၅)နှစ်အထိ သတ်မှတ်ထားသော်လည်း လိုအပ်ပါက သက်တမ်း(၅)နှစ်ထက်ပို၍လည်း တာဝန်ပေးနိုင်ကြောင်းလည်း အရန်တပ်ဥပဒေထဲတွင် ထည့်သွင်း ပြဌာန်းထားသည်။

 အရန်တပ်ဖွဲ့ဥပဒေသည် စစ်တပ်မှ နုတ်ထွက်ထားသူ သို့မဟုတ် အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းများအား ပြန်လည်တာဝန်ပေးနိုင်ရန်အတွက်လည်း အဓိက အချက် တစ်ချက်ဖြစ်ကြောင်း သိရသည်။

ပြင်ပနိုင်ငံများ၏ ကျူးကျော်စစ်ကို ခံနေရခြင်းမဟုတ်သည့် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်များသာ ဖြစ်ပွားနေခြင်းဖြစ်ရာ အာဏာသိမ်းစစ်တပ်အနေဖြင့် အာဏာသိမ်းထားသည့် (၃)နှစ်တာ ကာလအတွင်း အင်အားချိနဲ့နေ၍ ယခုလို အင်အားဖြည့်တင်းရန် အားသွန်ခွန်စိုက် လုပ်ဆောင်နေရခြင်း ဖြစ်သည်။