ကောလင်းမြို့အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး အထိနာသည့်စစ်ကောင်စီတပ်များ ရွာကိုမီးရှို့

ကောလင်းမြို့အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး အထိနာသည့်စစ်ကောင်စီတပ်များ ရွာကိုမီးရှို့
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်များနှင့်  ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ရွာကိုမီးရှို့နေကြောင်း Kawlin Revolution-KR ထံမှ သိရသည်။

ကောလင်းမြို့ကို ယနေ့ နံနက်ပိုင်းတွင် ဝါးရုံခုံရွာမှ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇီးခုံရွာအရောက် ရွာကိုမီးရှို့ခဲ့ကာ ကောလင်းမြောက်ဘက် အောင်ချမ်းသာရွာနှင့် ပေကုန်းရွာကိုလည်း ဝန်းသို ခမရ(၁၂၀)မှ စစ်ကား(၂)စီးဖြင့် အင်အားဖြည့်ထားသည်ဟု သိရသည်။

ထို့အပြင် ကျွန်းလှမြို့နယ် ပေကုန်းရွာမှ စစ်ကြောင်းသည် ချောင်းကြားရွာဖက်သို့ ဦးတည်ထွက်ခွာနေပြီး ကောလင်းအနောက် ညောင်ပင်သာရွာ နှင့် ကျောက်ကာရွာကြားတွင် ယနေ့ နံနက်(၆)နာရီခွဲတွင် တစ်ကြိမ်၊ (၇)နာရီခွဲတွင် တစ်ကြိမ် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ အထိနာကာ ဆီဆုံရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ရွာကိုမီးရှို့နေသည်ဟု သိရသည်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်သည် ဝန်းသိုနှင့် ကန့်ဘလူမြို့ဘက်မှနေ၍ အင်အား(၈၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းများခွဲကာ ဖေဖော်ဝါရီလ (၄)ရက်နေ့ကစတင် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဝန်းသိုမြို့၊ အင်ကပင်၊ အောင်းကုန်းရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ဇီးဖြူပင်ရွာမှ တစ်ကြောင်း၊ အလယ်ခုန်နှင့် ဥရှစ်ခုန်ရွာကြားမှ တစ်ကြောင်း၊ ကန့်ဘလူမြို့ ကိုးတောင်ဘို့၊ ဝါးရုံခုန်ရွာမှ တစ်ကြောင်း၊ ဆီဆုံရွာမှ တစ်ကြောင်းနှင့် လှည်းပွဲရွာမှ တစ်ကြောင်းတို့ဖြင့် ထိုးစစ်ဆင်နေကြောင်း ကောလင်းခရိုင် တပ်ရင်း (၂)ကထုတ်ပြန်ထားသည်။

#TachileikNewsAgency