စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့အနီးရှိ ကနန်ရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ကလေးများအပါအဝင် အများအပြား သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံးကြဲချရာ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်များအပါအဝင် ကနဦးသတင်းအရ (၁၅)ဦးသေဆုံးသည်ဟု သိရသည်။
"လက်ရှိတော့ သေဆုံးသူ(၁၅)ဦးလောက်ရှိတယ်။ သေဆုံးသူတွေကို လိုက်ပြီးရှာနေတယ်။ မြေပုံတွေထဲမှာ လိုက်ပြီးထုတ်နေရတယ်။ အိမ်တွေထဲကော၊ အနီးအနားက စာသင်ကျောင်းထဲကော အများကြီး နေရာစုံကိုကြဲသွားတာ။"ဟု အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကဘော်ဒေသ)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။
လက်ရှိတွင် ဗုံးကြဲခံရသည့် ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များအတွင်းမှ သေဆုံးသူအရပ်သား အလောင်းများကို လိုက်လံကောက်ယူနေရသည်ဟု ဆိုသည်။
သေဆုံးသူများထဲတွင် ကလေး(၂)ဦး အပါအဝင် (၉)ဦးပါဝင်သည်ဟု ကနဦးသိရသော်လည်း အတိကျပြောဆိုနိုင်ခြင်းမရှိသေးဟုလည်း ၎င်းကဆက်ပြောသည်။
"တစစီလိုက်ကောက်ရတဲ့သူတွေလည်းရှိတယ်။ အလောင်းလိုက်ရှာနေဆဲပဲ။ အခုလေကြောင်းကနေ ထပ်ဗုံးကြဲမှာ ကြောက်နေရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
အဆိုပါ ဗုံးကြဲမှုကြောင့် နေအိမ်(၁၀)လုံးကျော်လည်း ပျက်စီးပြီး ပျောက်ဆုံးနေသူများလည်းရှိကာ ခါမ်းပါတ်မြို့တွင်းရှိ လူနာတင်ယာဉ်ဖြင့် မလုံလောက်ခြင်းကြောင့် အနီးရှိမြို့များမှ လူနာတင်ယာဉ်များဖြင့်လည်း တင်ဆောင်နေရသည်ဟု သိရသည်။
#TachileikNewsAgency
Photo : NLAသတင်းပြန်ကြားရေး