နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်များ အထိုင်ချရာနေရာများကို တော်လှန်ရေးတပ်များ တိုက်ခိုက်

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်များ အထိုင်ချရာနေရာများကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်ရှိ နတ်သံကွင်းမြို့ စစ်ကောင်စီတပ်များ အထိုင်ချထားရာနေရာများကို KNLA ပူးပေါင်း PDF တပ်များက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နတ်သံကွင်းမြို့ ရဲစခန်း၊ နရွဲပင်တံတား၊ အုန်းနဲပင်တံတား၊ လပတ်ရွာတို့အား KNLA ပူးပေါင်း PDF တပ်များက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက Tachileik News Agencyကိုပြောသည်။ 

လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

ပြီးခဲ့သည့် ဇွန်လကလည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်း၊ ထောက်ပို့ခြင်းများ လုပ်ဆောင်နေသည့် နတ်သံကွင်းမြို့ စစ်တောင်းမြစ်ကူးတံတားကို တော်လှန်ရေးတပ်များက ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း KNDO တပ်ရင်းက နတ်သံကွင်းမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအောက်တွင် ပူးပေါင်းပါဝင်နေကြသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးမှူး၊ စာရင်းစစ်စသည့် အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူများ ဆက်လက်လုပ်ဆောင်နေခြင်းကို ရပ်တန့်ရန်၊ သက်ဆိုင်ရာ မိမိဒေသများသို့ ပြန်သွားကြရန် သတိပေးစာထုတ်ပြန်ခဲ့သည်။

နတ်သံကွင်းမြို့သည် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်တွင်ရှိပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် (၈)မိုင်အကွာတွင် ရှိသည့်မြို့ဖြစ်သည်။

#TachileikNewsAgency