မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး တော်လှန်ရေးတပ်များသိမ်း၊ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံ 

မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး တော်လှန်ရေးတပ်များသိမ်း၊ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံ 

ပဲခူးတိုင်း မုန်းမြို့ပေါ် ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းအားလုံးကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး အင်အား(၁၅၀၀)ကျော်ဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုန်းမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ် ဂိတ်စခန်းတို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကစတင်ကာ တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ ညနေပိုင်းတွင် စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏပြုခဲ့သောကြောင့် အရပ်သားထိခိုက်သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့ကာ လုပ်ငန်းခွင်များအတွင်းသို့ သွားရောက်လုပ်ကိုင်နိုင်ရန် အခက်အခဲများဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ထိုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လက်အောက်ခံတပ်ရင်း၊တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ပြည်သူလူထုများ၏ သဘောဆန္ဒနှင့်အညီ အဆိုပါစစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စခန်းများအား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

#TachileikNewsAgency