ကောလင်းတွင် စစ်ကောင်စီက စစ်ဘေးရှောင်များကိုမပေးဘဲ သိုလှောင်ထားသည့် ထောက်ပံ့ရေးပစ္စည်းများအား NUGက စစ်ဘေးရှောင်များထံ ထောက်ပံ့

ကောလင်းတွင် စစ်ကောင်စီက စစ်ဘေးရှောင်များကိုမပေးဘဲ သိုလှောင်ထားသည့် ထောက်ပံ့ရေးပစ္စည်းများအား NUGက စစ်ဘေးရှောင်များထံ ထောက်ပံ့
နိုဝင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် စစ်ဘေးရှောင်များထံ မပေးဘဲ စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် သိုလှောင်ထားသည့် ကယ်ဆယ်ရေးပစ္စည်းများကို စစ်ဘေးရှောင်များထံ NUG၏ ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပေးအပ်လိုက်ကြောင်း သိရသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်နှင့် မြို့ နယ်တာဝန်ခံများသည် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စံပြုလုပ်ငန်းစဉ်များနှင့်အညီ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စနစ်တကျ သိမ်းဆည်းမှတ်တမ်းတင်ပြီးနောက် စစ်ဘေးရှောင်များထံ ပေးအပ်လိုက်ကြောင်း သိရသည်။

 

သိမ်းဆည်းရရှိသော ပစ္စည်းများမှာ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ၊ အမိုးအကာ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် အခြားပစ္စည်းများဖြစ်ပြီး အရေးပေါ် အခြေအနေတွင် ကယ်ဆယ်ရေးအသင့်ပြုလုပ်နိုင်ရန် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဝယ်ယူသိုလှောင်ထားခြင်းဖြစ်သော်လည်း စစ်ကောင်စီက စစ်ဘေးရှောင်ပြည်သူများထံ ထောက်ပံ့ပေးခြင်းမရှိဘဲ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ကောလင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ သိမ်းဆည်းရရှိထားသည့် ကယ်ဆယ်ရေးပစ္စည်းများကို လတ်တလော စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများကို ဖြန့်ခွဲထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကောလင်းမြို့ကို တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် NUG အစိုးရက အပြည်အဝထိန်းချုပ်နေပြီဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီ၏ စီးပွားရေးဘဏ်အတွင်းမှ ငွေကျပ်သန်း(၉၀၀)ကျော်ကို သိမ်းဆည်းရရှိသဖြင့် စာရင်းနှင့်တကွ ထိန်းသိမ်းထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Humanitarian Affairs and Disaster Management - NUG