မုံရွာမြို့နယ်တွင် အရပ်သားတစ်ဦးကို ပစ်သတ်ကာ PDF တပ်ဖွဲ့ဝင်ဟု စစ်ကောင်စီဝါဒဖြန့် 

မုံရွာမြို့နယ်တွင် အရပ်သားတစ်ဦးကို ပစ်သတ်ကာ PDF တပ်ဖွဲ့ဝင်ဟု စစ်ကောင်စီဝါဒဖြန့် 

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြေးမုံရွာဘက်ကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့က ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည့် ဒေသခံတစ်ဦးအားပစ်သတ်ကာ PDF တပ်ဖွဲ့ဝင်ဟု ဝါဒဖြန့်ချီနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး အင်အား(၃၀)ကျော်သည် ကြေးမုံရွာကို ဝင်ရောက်လာခဲ့ပြီး အရပ်သား ကိုနေမျိုးအောင် အသက်(၄၀)နှစ်အား သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်သွားပြီးနောက် PDFတပ်ဖွဲ့ဝင်ဟု ဝါဒဖြန့်နေခြင်းကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

သေဆုံးသူ ကိုနေမျိုးအောင်သည် ကြေးမုံရွာဘုန်းကြီးကျောင်းတွင် ထန်းလက်အမိုးကူမိုးပေးနေစဥ် ရွာအတွင်းမှ သေနတ်သံကြားရသဖြင့် နေအိမ်ရှိ မိသားစုဝင်များအား ခေါ်ထုတ်ရန် နေအိမ်သို့ပြန်လာစဉ် လမ်း၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့နောက် ကိုနေမျိုးအောင်အား နေအိမ်တချို့ကို လိုက်လံပြသခိုင်းပြီးနောက် မုံရွေးရွာစာကြည့်တိုက်ရှေ့တွင် သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သွားခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ (၁၈)ရက်နေ့တွင် စစ်ကောင်စီတယ်လီဂရမ်ချန်နယ်က ကိုနေမျိုးအောင်ကို PDF တပ်ဖွဲ့ဝင်ဟု ယခင်မိထားသော မိုင်းပုံအဟောင်းများဖြင့်တွဲတင်ကာ ဝါဒဖြန့်ချီထားသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ကလည်း တောပုကျေးရွာမှ ပျုစောထီးများသည် မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာနေ အရပ်သား ကိုရဲနိုင် အသက်(၂၇)နှစ်ဝန်းကျင်ကို နေအိမ်အတွင်းအိပ်နေစဥ် ခေါ်ယူကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်ဖြစ်စဉ်ရှိခဲ့သည်။

#TachileikNewsAgency