ဆိုရှယ်မီဒီယာပေါ်တွင် ထင်ရှားကျော်ကြားသူ ဖြစ်လိုသူများအတွက် အိုင်ယာလန်နိုင်ငံ တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရယူနိုင်မည် ဖြစ်သည်။
အိုင်ယာလန်နိုင်ငံ ကာလိုးမြို့ရှိ South East Technological University တက္ကသိုလ်က ဆိုရှယ်မီဒီယာပေါ်တွင် ထင်ရှားကျော်ကြား ဩဇာလွှမ်းမိုးသူဖြစ်နိုင်မည့် အကြောင်းအရာ ဖန်တီးမှုပညာနှင့် ဆိုရှယ်မီဒီယာဆိုင်ရာ ဘွဲ့သင်တန်း (Bachelor of Arts Content Creation and Social Media) အသစ်ကို ဖွင့်လှစ်ထားသည်။
တက္ကသိုလ်တစ်ခုတွင် ပထမဆုံး အဓိကဘာသာရပ်အဖြစ် ထည့်သွင်းသင်ကြားသည့် အဆိုပါ ဘွဲ့သင်တန်းကာလမှာ (၃) နှစ် ဖြစ်သည်။
ထူးခြားသည့် Gen Z အစီအစဥ်ကို South East Technological တက္ကသိုလ်တွင်သာ ရရှိနိုင်ကြောင်း NY Post သတင်းက ဆိုသည်။
အဆိုပါ တက္ကသိုလ်က လူသိများသော TikToker များနှင့် ဆိုရှယ်မီဒီယာနယ်ပယ်မှ ကျွမ်းကျင်သူများက သင်ကြားသည့် "Digital Hustle" နွေရာသီသင်တန်းကိုလည်း ပြီးခဲ့သည့် (၂) နှစ်အတွင်း ဖွင့်လှစ်ထားခဲ့သည်။
အိုင်ယာလန် နည်းပညာတက္ကသိုလ်၏ ယခုဘွဲ့က ကျောင်းသူကျောင်းသားများအတွက် ၎င်းတို့၏ စမတ်ဖုန်းနှင့် ဆိုရှယ်မီဒီယာ ဝါသနာကို အခြေခံ၍ ဆိုရှယ်မီဒီယာ ပညာရပ်တွင် ကျွမ်းကျင်သူများ ဖြစ်လာပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ်သို့ ပြောင်းလဲရန် အခွင့်အလမ်းဟု ဆိုသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင် ဆိုရှယ်မီဒီယာဆိုင် ဘွဲ့သင်တန်းကို တက်ရောက်မည့် ကျောင်းသူကျောင်းသား (၄၀) ဦးရှိကြောင်း သိရသည်။
Source: NY Post