၂၀၄၀ ပြည့်နှစ်တွင် အမေရိကန်များ လပေါ်တွင် နေထိုင်နိုင်လိမ့်မည်ဟု NASA ပြောခွင့်ရပုဂ္ဂိုလ်ကဆို

၂၀၄၀ ပြည့်နှစ်တွင် အမေရိကန်များ လပေါ်တွင် နေထိုင်နိုင်လိမ့်မည်ဟု NASA ပြောခွင့်ရပုဂ္ဂိုလ်ကဆို
အောက်တိုဘာ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

 

မယုံကြည်သူများ၏ သံသယများရှိသော်လည်း ၂၀၄၀ ပြည့်နှစ်တွင် အမေရိကန်များ လပေါ်တွင် နေထိုင်နိုင်မည်ဟု အမေရိကန် အာကာသအေဂျင်စီ NASA ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက New York Times သတင်းဌာနကို ပြောခဲ့သည်။ 

မိမိတို့မှာ အရေးပါသည့် အခိုက်အတန့်တွင် ရှိနေကြောင်းနှင့် လပေါ်ကို မလွဲမသွေ ရောက်လိမ့်မည်ဟု NASA ပြောခွင့်ရအမျိုးသမီး Niki Werkheiser က ထိုသတင်းဌာနကို ပြောခဲ့ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၁) ရက် New York Post သတင်းတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စီစဥ်ထားသည့် Artemis ဟု အမည်ပေးထားသော NASA ၏ လကမ္ဘာ စူးစမ်းလေ့လာရေး အာကာသခရီးစဥ်တွင် အာကာသယာဥ်မှူး (၄) ဦးကို လ၏ ပတ်လမ်းသို့ စေလွှတ်သွားမည်ဟုလည်း သိရသည်။ 

လူသားများ လပေါ်သို့ ပထမဆုံး ခြေချခဲ့ပြီးနောက် နှစ်‌ (၅၀) ကျော်အကြာတွင် NASA ၏ Artemis လကမ္ဘာခရီးစဥ် ရှိလာခြင်း ဖြစ်သည်။

"ကျွန်မတို့မှာ တူညီတဲ့ ပန်းတိုင်တစ်ခုနဲ့ လူမှန် အချိန်မှန် အားလုံးရှိနေပြီ။ ဒါကြောင့် ကျွန်မတို့ အဲဒီကို ရောက်လိမ့်မယ်လို့ ကျွန်မ ထင်တယ်။ အားလုံးက ဒီအဆင့်ကို အတူတကွ လုပ်ဆောင်ကြဖို့ အသင့်ဖြစ်နေကြပြီ။ ဒါကြောင့် ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး" ဟု Werkheiser က ပြောခဲ့သည်။

#TachileikNewsAgency

Source: NY Post, NY Times