ထိုင်းနိုင်ငံတွင် သားသမီး (၅)ဦးထက်မနည်း ဆက်တိုက်သတ်ဖြတ်သည့် ဖခင်နှင့် အလောင်းဖျောက်ရန် ကူညီသည့် မိခင်တို့ကို ဖမ်းဆီး

ထိုင်းနိုင်ငံတွင် သားသမီး (၅)ဦးထက်မနည်း ဆက်တိုက်သတ်ဖြတ်သည့် ဖခင်နှင့် အလောင်းဖျောက်ရန် ကူညီသည့် မိခင်တို့ကို ဖမ်းဆီး
စက်တင်ဘာ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အမျိုးသားတစ်ဦးကို ၎င်း၏သားသမီး (၁၀) ဦးအနက် (၅)ဦးထက်မနည်းကို ဆက်တိုက်သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီးထားပြီး အလောင်းဖျောက်ရန်ကူညီမှုဖြင့် ကလေးမိခင်ဖြစ်သူကိုပါ ဖမ်းဆီးရမိထားကြောင်း khaosod သတင်းဌာနက ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့ Bang Khen ခရိုင်ရှိ တိုက်ခန်းတစ်ခန်းမှ အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက အခန်းတံခါးကို ချိုးဖျက်၍ ထွက်ပြေးလာခဲ့ပြီး ၎င်းတို့ညီအစ်မနှစ်ဦးမှာ ဖခင်ဖြစ်သူ၏ တိုက်ခိုက်ခြင်းခံနေရကြောင်း အိမ်နီးချင်းများထံ အကူအညီတောင်းရာမှ အဆိုပါ အဖြစ်အပျက်ကို ဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့ Bang Khen ခရိုင်ရှိ တိုက်ခန်းတစ်ခန်းမှ အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက သူမ၏ အခန်းတံခါးကို ချိုးဖျက်၍ ထွက်ပြေးလာပြီး သူမနှင့် သူမ၏ ညီမတို့မှာ ဖခင်၏ တိုက်ခိုက်ခြင်းခံနေရကြောင်း အိမ်နီးနားချင်းများထံ အကူအညီတောင်းခဲ့သည်။ 

အိမ်နီးချင်းဖြစ်သူက အဆိုပါကိစ္စကို လူမှုကွန်ရက်တွင် လူသိများသည့် ပရဟိတသမားတစ်ဦးဖြစ်သည့် Gun Jom Phalang ထံ အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Gun Jom Phalang က လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့တွင် အဆိုပါ မိန်းကလေးငယ် (၂)ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခန်းကို ဝင်ရောက်စစ်ဆေးရာ အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်မှာ နှိပ်စက်ခံထားရသည့် ဒဏ်ရာများရထားပြီး အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်မှာလည်း ရေနှစ်ခံထားရသည့်အပြင် မိန်းကလေးငယ် (၂) ဦးလုံး၏ ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများကိုလည်း တွေ့ရကာ အသက် (၂) နှစ်အရွယ် ကလေးတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ကလေးများ၏မိခင်ဖြစ်သူက တာဝန်ရှိသူများအား ၎င်း၏သမီးကြီးဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ဖြစ်နေ၍ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ပြုလုပ်လေ့ရှိသည်ဟု ပြောဆိုခဲ့သော်လည်း  ဆရာဝန်၏စစ်ဆေးမှုရလဒ်တွင် ကလေးငယ်မှာ နှိပ်စက်ခံထားရကြောင်း အတည်ပြုခဲ့သည်။ 

Bang Khen ခရိုင်ရဲတပ်ဖွဲ့က ကလေးများ၏ ဖခင်ဖြစ်သူ အသက် (၄၆) နှစ်အရွယ် Songsak Songsaeng နှင့် မိခင်ဖြစ်သူ အသက် (၄၀) နှစ်အရွယ် Sunan Nahuanil တို့ကို ဖမ်းဆီးထားပြီး စစ်ဆေးမှုများလုပ်နေသည်ဟု သိရသည်။

အဆိုပါမိသားစုတွင် အိမ်တွင်းအကြမ်းဖက်မှု မကြာခဏရှိခဲ့ကြောင်း မျက်မြင်သက်သေများလည်း ထွက်ဆိုထားကြသည်ဟု သိရသည်။

ယင်းနောက် ဖမ်းဆီးခံထားရသည့် မိဘနှစ်ဦးက ၎င်းတို့၏အသက် (၂) နှစ်အရွယ် ကလေးငယ်ကို ဖခင်က သတ်ပစ်ခဲ့ပြီး အလောင်းကို မေလ (၂၁) ရက်နေ့တွင် မြှုပ်နှံခဲ့ကြောင်းနှင့် မိခင်က အလောင်းကို မြှုပ်နှံဖုံးအုပ်ရန် ဘိလပ်မြေဝယ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုကြသည်ဟု သိရသည်။

အသတ်ခံရသည့် ကလေး (၂)ဦး၏ အလောင်းများကို မြုပ်နှံထားသည့် နေရာသို့ သံသယတရားခံနှစ်ဦးကို ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားပြီးရှာဖွေခဲ့ကြကြောင်း သိရသည်။

သားသမီးများကို ဆက်တိုက်သတ်ခဲ့သည့်   Songsak က ၎င်းမှာ စိတ်ရောဂါ ခံစားနေရသည်ဟု ရဲစခန်းသို့ ခေါ်ဆောင်သွားစဥ် မီဒီယာကို ပြောခဲ့သည်ဟု သိရသည်။

 Songsak သည် ဇနီး (၄) ဦးနှင့် ကလေး (၁၀) ဦးရရှိခဲ့ပြီး ဒုတိယဇနီးဖြင့်ရခဲ့သည့် သားယောကျ်ားလေး (၄)ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ သားယောကျ်ားလေး (၄)ဦးလုံးကို  ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း Songsak ကိုယ်တိုင် သတ်ပစ်ခဲ့ကြောင်းနှင့် ကလေးများမှာ အသတ်ခံရစဉ်က အသက် (၁) နှစ်အောက် အရွယ်များဖြစ်ကြသည်ဟု Songsak ၏ ဒုတိယဇနီး၏ ထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေး (၄)ဦး၏အလောင်းများ မြုပ်နှံထားရာနေရာဖြစ်သည့် ဘန်ကောက်မြို့ Bang Sue ခရိုင်တွင် ရဲတပ်ဖွဲ့က ရှာဖွေခဲ့ကြရာ  ကလေး (၂) ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး ကျန် (၂)ဦး၏ အလောင်းများကို Sai Mai ခရိုင်တွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။ 

ရဲတပ်ဖွဲ့က Songsak ၏ နောက်ကြောင်းကို ဆက်လက်စုံစမ်းနေပြီး ၎င်းထံတွင် နောက်ထပ် ဇနီးများနှင့် ကလေးများရှိ မရှိ စစ်ဆေးနေကြောင်း သိရသည်။

Source: Khaosod

Photo: Khaosod, Th Police