တွံတေးတူးမြောင်းဘေး ကမ်းပါးပြိုကျ နေအိမ် ၆လုံး ရေထဲမျောပါကာ အမျိုးသမီးတစ်ဦးသေဆုံး

တွံတေးတူးမြောင်းဘေး ကမ်းပါးပြိုကျ နေအိမ် ၆လုံး ရေထဲမျောပါကာ အမျိုးသမီးတစ်ဦးသေဆုံး
စက်တင်ဘာ 20, 2023

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းက ကမ်းပါးပြိုပြီး နေအိမ်(၆)လုံး မျောပါသွားကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် နေအိမ်နှင့်အတူ အမျိုးသမီး(၂)ဦး မျောပါသွားသဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာ(စိုးရိမ်ရ)အား ဒလဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“မိုးကအရမ်းရွာတော့ ရေတိုက်စားတော့ မြေပြိုကျသွားတာ။ ခနောင်တိုနဲ့ မျက်နှာချင်းဆိုင်ပေါ့။ ကမ်းနားမှာ အိမ်တွေဆောက်ထားတာ အိမ်ခြေကတော့ တော်တော်များတယ်။ အဓိကတော့ လှေသမားတွေ နေတာများတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

မျောပါသွားသည့် နေအိမ်များနှင့် အနီးနားဝန်းကျင်ရှိ  နေအိမ်(၈၀)လုံးခန့်မှ အိမ်ထောင်စုဝင်များအား  ရေဘေးလွတ်ရာ တာကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူ ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

#TachileikNewsAgency