တာချီလိတ်မြို့တွင် လျှပ်စစ်မီးကို အချိန်ပိုင်းခွဲ၍ ပေးနေသော်လည်း နေရာကွက်ကျား (၂၄)နာရီ လျှပ်စစ်မီးရနေ၍ တန်းတူညီမျှမှု မရှိ ဖြစ်နေ

တာချီလိတ်မြို့တွင် လျှပ်စစ်မီးကို အချိန်ပိုင်းခွဲ၍ ပေးနေသော်လည်း နေရာကွက်ကျား (၂၄)နာရီ လျှပ်စစ်မီးရနေ၍ တန်းတူညီမျှမှု မရှိ ဖြစ်နေ
ဖေဖော်ဝါရီ 13, 2025 | ရှမ်းရှေ့

(၂၄)နာရီ လျှပ်စစ်မီးရရှိရာကနေ ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအို လျှပ်စစ်မီးဖြင့် အချိန်ပိုင်းသတ်မှတ်၍ လျှပ်စစ်မီးပေးထားသည့် တာချီလိတ်မြို့တွင်း ရပ်ကွက်အချို့တွင် နေရာကွက်ကျား (၂၄)နာရီ လျှပ်စစ်မီး ရရှိနေသည်များရှိနေ၍ အချိန်ပိုင်းသာ လျှပ်စစ်မီး အသုံးပြုခွင့်ရသူများက  တန်းတူညီမျှမှု မရှိကြောင်း ပြောဆိုနေကြသည်။

"အခုတလော ဖြစ်နေတဲ့ ကိစ္စကြောင့် လျှပ်စစ်မီး ရရှိအောင် လုပ်ပေးတဲ့ မီးလင်းရေးကို ကျေးဇူးတင်ပါတယ်။ လျှပ်စစ်ဓါတ်အား မလောက်လို့ အချိန်ပိုင်း အလှည့်ကျ ပေးမယ်ပြောတာကိုလည်း နားလည်မှုနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ဗျာ အခုက အားလုံး တန်းတူညီမျှ မဟုတ်ဘဲ (၂၄)နာရီလုံးလုံး မီးရတဲ့နေရာက ရနေသလို အချိန်ပိုင်းပဲ ရတဲ့နေရာတွေက ရှိနေတယ်။ အားလုံး တန်းတူညီမျှ (၂၄)နာရီဆိုလည်း (၂၄)နာရီပေါ့။ အခုက VIP အပိုင်းလို့ ပြောနေကြတဲ့နေရာက မီးမပျက်ဘူး။ ကျွန်တော်တို့ဘက် အပိုင်းကတော့ အချိန်ပိုင်းနဲ့ပဲ အသုံးပြုနေရတယ်"ဟု မကာဟိုခမ်းရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency သို့  ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီက လာအိုနိုင်ငံကနေ ဝယ်ယူထားသည့် လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ကို တာချီလိတ်မြို့အတွင်း အလှည့်ကျစနစ်ဖြင့် ပေးနေသော်လည်း ရပ်ကွက်အချို့ နေရာများတွင် (၂၄)နာရီ လျှပ်စစ်မီး ရရှိနေပြီး အချို့ နေရာများတွင် သတ်မှတ်အချိန်များတွင်သာ လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်၍ တန်းတူညီမျှမှု မရှိဟု ပြောဆိုနေကြခြင်း ဖြစ်သည်။



"ရပ်ကွက်ချင်းတူနေတာတောင် မပျက်တဲ့ အခြမ်းက လုံးဝ မပျက်ဘူး။ ကျွန်မတို့ အခြမ်းကတော့ ပျက်တဲ့အချိန် ပျက်ပါတယ်။ လာတဲ့အချိန် ပုံမှန်လာပါတယ်။ ဒါပေမဲ့ ခွဲခြားပြီး ပေးတာကတော့ ဘာသဘောလဲ မသိပါဘူး။ အားလုံးတန်းတူပဲ ဖြစ်စေချင်တာပါ။ တဖက်က (၂၄)နာရီ ရနေပြီး ကျွန်မတို့ဘက်က အချိန်ပိုင်းပဲ ရနေတာက ခွဲခြားခံရသလို ခံစားရတယ်"ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

နေရာကွက်ကျား (၂၄)နာရီ လျှပ်စစ်မီး ရရှိနေခြင်းမှာ မြို့မီးလင်းရေးရုံးအပိုင်းတွင် ပါဝင်သည့် ရပ်ကွက်များသာ မဟုတ်ဘဲ မီးလင်းရေးရုံးခွဲအပိုင်းတွင် ပါဝင်သည့် ရပ်ကွက်တွင်လည်း ယင်းသို့ ရရှိနေကြောင်း သိရသည်။

"ကျွန်တော်တို့ ဘက်က နေရာအချို့မှာလည်း မီးမပျက်တာတွေ့ရတယ်။ မြို့တွင်းထဲက အသိကို မေးကြည့်တော့လည်း သူတို့ရပ်ကွက်မှာလည်း အဲ့လိုပဲတဲ့ (၂၄)နာရီရတဲ့နေရာက ရနေပြီး အချိန်ပိုင်းပဲ ရတဲ့နေရာက ရနေတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး မီးလင်းရေးကလည်း အကျိုးအကြောင်း ရှင်းလင်းတင်ပြထားတာ မတွေ့ရဘူး။ တာချီလိတ်ထုံးစံအတိုင်း နေရာကွက်ကျား လသာသလို ဖြစ်နေတယ်ဗျ"ဟု  မီးလင်းရေးရုံးခွဲဘက် အပိုင်းတွင် နေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လာအိုနိုင်ငံက ရရှိထားသည့် လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ထဲက (၅)မဂ္ဂါဝပ်ကို မြို့မီးလင်းရေးရုံးက ရယူကာ ဖြန့်ဖြူးပေးနေပြီး (၈)မဂ္ဂါဝပ်ကို မြို့မီးလင်းရေးရုံးခွဲက ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။