ရွှေကူတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KPDF ဝင်တိုက် လက်နက်ခဲယမ်းများရ

ရွှေကူတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KPDF ဝင်တိုက် လက်နက်ခဲယမ်းများရ
စက်တင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကျောက်ကြီးရဲစခန်းတို့ကို မြို့လှ KPDFမှ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးရွာတွင် စစ်ကောင်စီတပ်၏ ခလရ (၇၇)နှင့် ကျောက်ကြီးရဲစခန်းတို့ မြို့လှ K-PDFတပ်ရင်းမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းက ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ခလရ (၇၇)ကို မြို့လှ KPDFတပ်ရင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များသည် တပ်စွဲထားသည့်နေရာအားစွန့်ခွာပြီး ကျောက်ကြီးရဲစခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

ထို့နောက် မြို့လှ KPDF တပ်များက ကျောက်ကြီးရဲစခန်းအား ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ၏ MA 1 တစ်လက်နှင့်အတူ ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့သည်ဟု မြို့လှ KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲမှာ (၃)နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပြန်လည်တိုက်ခိုက်လာနိုင်သဖြင့် ကျောက်ကြီးရဲစခန်းအား သိမ်းပိုက်ခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် (၂)ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ကျောက်ကြီးရွာ အနီးတစ်ဝိုက်သို့ (၃)ကြိမ် လာ‌ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency