ခင်ဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံထောင်ချီထွက်ပြေးရပြီး အဖိုးအိုတစ်ဦး အမောဖောက်သေဆုံး 

ခင်ဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံထောင်ချီထွက်ပြေးရပြီး အဖိုးအိုတစ်ဦး အမောဖောက်သေဆုံး 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းသို့ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် မိုးရေထဲထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် ဒေသခံများအနက် သက်ကြီးရွယ်အိုတစ်ဦး အမောဖောက်သေဆုံးသွားကြောင်း သိရသည်။

ရေဦးမြို့ပေါ်ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ခင်ဦးနယ်အနောက်တောင်ခြမ်း အမှတ်(၂)တိုက်နယ်အတွင်းသို့ အင်အား(၁၀၀)ကျော်ဖြင့် ခြေလျင်စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ တစ်သောင်းဝန်းကျင် မိုးရေထဲထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ မရမ်းအင်းကျေးရွာမှ အသက်(၅၇)နှစ်အရွယ် ဦးတင့်မှာ အမောဖောက်၍ နှလုံးရပ်သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ခင်ဦးမြို့နယ် အမှတ်(၂)တိုက်နယ်ဒေသအတွင်းရှိ အောင်သာကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအတွင်းသို့ ဝင်ရောက်နေမှုကြောင့် အောင်သာကျေးရွာအပါအဝင် အင်းပေါက်၊ မရမ်းအင်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ ဒါန်းကုန်း၊ မှန်တော၊ သိမ်တော်၊ ကျွန်းဆွယ်၊ ကျွန်းလယ်နှင့် ကြာပင်အိုင် စသည့်ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများမှာ ညပိုင်းအချိန်ထိ နေရပ်မပြန်ကြရသေးဘဲ မိုးရွာနေသည့်ကြားက တိမ်းရှောင်နေကြရပြီး ကလေးသူငယ်များ အပါအဝင် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များပါဝင်နေသဖြင့် အကူအညီများလိုအပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး