ကလေးမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်က အရပ်သားလေးဦးအား ပစ်ခတ်မီးရှို့သတ်ဖြတ်ကာ နေအိမ်များကို ဖောက်ထွင်းသွား

ကလေးမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်က အရပ်သားလေးဦးအား ပစ်ခတ်မီးရှို့သတ်ဖြတ်ကာ နေအိမ်များကို ဖောက်ထွင်းသွား

စစ်ကိုင်းတိုင်း ကလေးမြို့တွင် (၃)ရက်အတွင်း စစ်ကောင်စီတပ်များက ပစ်ခတ်မီးရှို့သတ်ဖြတ်မှုကြောင့် အရပ်သား(၄)ဦးသေဆုံးခဲ့ရကာ (၁၅)ဦးလူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး နေအိမ်များကို မွှေနှောက်၍ တန်ဖိုးကြီးပစ္စည်းများအား ယူဆောင်သွားကြောင်း CNO Upper Chindwin Region – UCRထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်မှစတင်ကာ ဩဂုတ်လ(၁၃)ရက်နေ့အထိ ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ စက္ကန့်ရွာ၊ မြို့လှတို့တွင် အရပ်သားများကို ပစ်ခတ်၊ မီးရှို့ သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဩဂုတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းက တောင်ဖီလာရပ်ကွက်၊ စက်မှုဇုံလမ်းထောင့်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများက ပန်းရံလုပ်ပြီး နေ့လည်ထမင်းစားရန်ပြန်လာသည့် အင်ဒိုင်းကုန်းရပ်ကွက်(ယခင်မွန်ထာရွာ)သား(၃)ဦးကို ပစ်ခတ်ခဲ့ရာ  ဆလိုင်းလာလ်ကျူံးလျန်ဘိတ် (၂၈နှစ်) ဦးခေါင်းတွင်ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏သူငယ်ချင်းတစ်ဦးမှာ ညာဖက်လက်တွင် ကျည်ထိမှန်ကာ အရိုးကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်ကောင်စီတပ်သားများသည် စစ်ကား(၂)စီးဖြင့် မြို့လှရပ်ကွက်သို့ သွားရာ ညနေပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မြို့လှနှင့် စက္ကန့်ရွာကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။  

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၂)ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်များက သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မြို့လှရပ်ကွက်မှ အရပ်သားများနှင့် စက္ကန့်ရွာ ဒေသခံ(၁၅)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့သဖြင့် မြို့လှရပ်ကွက်၊ စက္ကန့်ရွာနှင့်  အင်ဒိုင်းကုန်း ရပ်ကွက်တို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ 

 

ဩဂုတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် မြို့လှနှင့် စက္ကန့်ရွာကြား၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၄)ကြိမ် ဖြစ်ပွားကာ စက္ကန့်ကျေးရွာအတွင်းသို့ စစ်ကောင်စီက (၆၀)မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် IPCM (Independent Presbyterian Church of Myanmar) ဘုရားကျောင်းပျက်စီးခဲ့ရကြောင်း သိရသည်။

ဩဂုတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ကလေးမြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွားရာ ၎င်းတို့ဆုတ်ခွာသည့်လမ်းကြောင်းဖြစ်သည့် တောင်ဖီလာရပ်ကွက်၌ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများဆုတ်ခွာစဉ် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ(၁၅)ဦးကိုပြန်လွတ်ပေးခဲ့ပြီး မြို့လှရပ်ကွက်မှ (၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦးတို့ ပျောက်ဆုံးနေကာ မြို့လှရပ်ကွက်နေ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 

ဩဂုတ်လ (၁၃)ရက်နေ့တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးပြုလုပ်ရာ မြို့လှရပ်ကွက်အတွင်းအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းဝင်ရောက်၍ အဖိုးတန်ပစ္စည်းများအား ယူသွားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထို့အပြင် မြို့လှနှင့် စက္ကန့်ကျေးရွာကြားရှိ ကျောက်ခွဲစက်က အိမ်တစ်လုံး၊ စက်ကြီးနှစ်စီးနှင့် ကားတစ်စီးကို စစ်ကောင်စီတပ်ဘက်က မီးရှို့သွားပြီးနောက် ကျွန်းချောင်းကျေးရွာမှ သားအမိနှစ်ဦးကို သတ်ဖြတ်ပြီးအလောင်းအား မီးရှို့ခဲ့ကြောင်း သိရသည်။

စက္ကန့်ကျေးရွာနှင့် ရှားတောကျေးရွာကြား ကျောက်ခွဲစက်အနီးတွင်လည်း စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းကို မီးရှို့ထားသည့် အသက်(၃၀)အရွယ် အမည်မသိအမျိုးသားအလောင်းတစ်လောင်းကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်က စက္ကန့်ကျေးရွာအတွင်း ထောင်ထားခဲ့သည့် နင်းမိုင်း(၁၀)လုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က ပြန်လည်ဖြုတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :CNO Upper Chindwin Region - UCR