စစ်ကိုင်းတိုင်း သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်းရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့ ညနေပိုင်းက ဝင်ရောက်ကာ နေအိမ်(၂)လုံးအားမီးရှို့ပြီး ဒေသခံ(၈၀)ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။
“အခုထိ ရွာသားတွေကို ဖမ်းထားဆဲပါ။ ဖမ်းဆီးခံရတဲ့ထဲမှာ ကလေးတွေရောပါတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့က တချို့လူတွေကို နေပူလှန်းထားတာမျိုးတွေ လုပ်ခဲ့သလို ဗိုက်ဆာလို့ ငိုကြတဲ့ကလေးတွေပါရှိတယ်လို့ ပြောပါတယ်။”ဟု Thabeikkyin Revolution–TRမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။
ဒေသခံ (၈၀)ကျော်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဆယ်ဇင်းကုန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း၌ လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားပြီး ၎င်းအထဲတွင် မင်းကုန်းရွာက ဒေသခံ (၃)ဦးလည်း ပါသည်ဟု သိရသည်။
“သူတို့(မင်းကုန်းရွာက ဒေသခံ ၃ဦး)က ကြောက်လို့ တောထဲပြေးကြတာ။ စခတွေ တောနင်းတော့တွေ့တာ အဲဒီမှာ ဖမ်းခံထိတာ။”ဟု Thabeikkyin Revolution–TRမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်း၌ အင်အား(၂၀၀)ဝန်းကျင်ဖြင့် တပ်စွဲထားပြီး ယနေ့ဇူလိုင်လ (၂၈)ရက်နေ့အထိ ထွက်ခွါသွားခြင်း မရှိသေးဟု သိရသည်။
#TachileikNewsAgency