မွန်နှင့် တနင်္သာရီနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲခြောက်ရက်ကြာဖြစ်ပွား 

မွန်နှင့် တနင်္သာရီနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲခြောက်ရက်ကြာဖြစ်ပွား 

မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နယ်စပ်ရှိ၊ အလယ်စခန်း အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ (၆)ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု Ye Guerrilla Force ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါနေရာ၌ ဇူလိုင်လ (၁၈)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီနောက် အကြမ်းဖက်စစ်ကောင်စီဘက်က ထပ်မံအင်အားဖြည့်လာပြီး ခမရ(၄၀၇)၊ ခလရ(၁၀၄)၊ ခမရ(၄၀၈)နှင့် ခလရ(၂၈၂)စသည့် တပ်ရင်းများမှ အင်အား(၃၀၀)ကျော် စစ်ကြောင်း (၄)ကြောင်းခွဲ၍ ဇူလိုင်လ (၁၉)ရက်နေ့တွင် ထိုးစစ်ဆင်လာရာက ဇူလိုင်လ (၂၄)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းကို KNLAတပ်ရင်း(၂၇)၊ YGF-ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် မိုင်းများ အသုံးပြု၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၈)ရက်နေ့က အလယ်စခန်း အနီးတစ်ဝိုက်တွင် အင်အား(၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းစစ်ကြောင်းဖြစ်သည့် KNLAတပ်ရင်း(၂၇)၊ တပ်ခွဲ(၂)နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့တို့ပူပေါင်းပြီး တိုက်ခိုက်ခဲ့သေးသည်။ 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်စောမွန်လေး ကျဆုံးခဲ့ရပြီး KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ(၂)မှ ရဲဘော် (၁)ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :Ye Guerrilla Force-ရေးပြောက်ကျားတပ်ဖွဲ့