လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏သား အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး ကွယ်လွန်

လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏သား အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး ကွယ်လွန်
ဇွန် 21, 2023 | အခြားဒေသများ

အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေးသည် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက နှလုံးရောဂါနှင့် ကွယ်လွန်သွားကြောင်း သိရသည်။ ဆရာညီပုလေးသည် လူထုဦးလှနှင့် လူထုဒေါ်အမာတို့မှ မွေးဖွားခဲ့ပြီး အငယ်ဆုံးသားဖြစ်ကာ အသက်(၇၁)နှစ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။



ဆရာညီပုလေးသည် မန္တလေးမြို့ စိန့်ပီတာအထက်တန်းကျောင်း၌ ပညာသင်ကြားပြီး မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်။



ဆရာသည် ၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် လျက်ဆားတတို့ ဝတ္ထုကို စတင်ဖော်ပြခြင်းခံရပြီး‌နောက် စာပေများဆက်လက်ရေးသားကာ ၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကား စာအုပ်တိုက် တည်ထောင်ခဲ့သည်။



ပထမဦးဆုံး လုံးချင်းဝတ္ထုတို စာအုပ်မှာ သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး (၁၉၈၉ မတ်၊ လူထု ကြီးပွားရေး စာအုပ်တိုက်) ဝတ္ထုကို ရေးသား ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည်တွင် ပထမဆုံး ကွန်ပျူတာစာစီ စာအုပ်ဖြစ်သည့် ကလေး လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက်တင်ဘာ၊ လူထု ကြီးပွားရေး စာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ လူအအိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွားဆောင်းပါးအဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားခဲ့သည်။



ထို့ပြင် မြေးသူကြီး ဝတ္ထု၊ ၂ဝဝ၆ ခုနှစ်တွင် ငြိမ်သက် တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပြီး ၂ဝဝ၆ နှစ်က မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်၏ ပထမဦးဆုံး သဟာယ စာပေဆုကို (ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ) စာအုပ်ဖြင့် ရရှိခဲ့သည်။



အမျိုးသားစာပေဆုကို ‘ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့သူဖြစ်သည်။



#TachileikNewsAgency