လီလီနိုင်ကျော်၏ အသုဘချ မီးသင်္ဂြိုလ်အစီအစဉ်ကို လူဦးရေအကန့်အသက်ဖြင့် မင်္ဂလာဒုံ စစ် ဆေးရုံရှိ ဇရပ်တွင် ပြုလုပ်

လီလီနိုင်ကျော်၏ အသုဘချ မီးသင်္ဂြိုလ်အစီအစဉ်ကို လူဦးရေအကန့်အသက်ဖြင့် မင်္ဂလာဒုံ စစ် ဆေးရုံရှိ ဇရပ်တွင် ပြုလုပ်
ဇွန် 8, 2023 | 2021 Military Coup

 သေနတ်ဖြင့် ပစ်ခတ်ခံရပြီး (၇)ရက်မြောက်နေ့တွင် သေဆုံးသွားသည့်  အမျိုးသားရေးသမား၊ စစ်တပ်ထောက်ခံသူဟု အမည်ဆိုးဖြင့် ကျော်ကြားသူ အဆိုတော် လီလီနိုင်ကျော်ကို ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၈)ရက်နေ့တွင် အသုဘချလိုက်ပြီဖြစ်ကြောင်း သိရသည်။

လီလီနိုင်ကျော်၏ အသုဘချ မီးသင်္ဂြိုလ်အစီအစဉ်ကို အများပြည်သူလို ရေဝေးသုဿန်တွင် ပြုလုပ်ရဲခြင်းမရှိဘဲ မင်္ဂလာဒုံရှိ စစ်ဆေးရုံအတွင်း ဇရပ်တွင်သာ မီးသင်္ဂြိုလ်ခဲ့ကြကြောင်း သိရသည်။



လီလီနိုင်ကျော်သည် ၂၀၂၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့၊ ညနေပိုင်းတွင် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ်(က/၂၆၇)၊ တိုက်ခန်းအမှတ်(၇)ရှေ့ ၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။



သေနတ်ဖြစ် ပစ်ခတ်ခံရပြီးနောက်  ဦးခေါင်း ဒဏ်ရာဖြင့် မင်္ဂလာဒုံ စစ် ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ပစ်ခတ်ခံရပြီး (၇)ရက်မြောက်နေ့ဖြစ်သည့်   ဇွန်လ(၆)ရက်နေ့ ၏ နံနက်ပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်။

လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့သူများဟုဆိုကာ  ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ)အီးတီတို့ (၂)ဦးကို ဇွန်လ (၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်တစ်ခု၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

ယင်းနောက် ကိုကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဝမ်းကွဲ ဖြစ်သူ မဆောင်းသဇင်ဦးတို့ကို စစ်တပ်ထောက်ခံသူများက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်(၉၀)အေးမေတ္တာလမ်း၊ နေအိမ်၌ ဇွန်လ(၆)ရက်နေ့၊ ညပိုင်းတွင် အကြမ်းဖက်သတ်ဖြတ်ခဲ့ကြသည်။