စစ်ကောင်စီကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ထောက်ခံနေမှု နှင့် နိုင်ငံရေး ပါတီများ ဖျက်သိမ်းမှုတို့ကြောင့် ဥရောပပါလီမန်က ကန့်ကွက် ရှုတ်ချ

စစ်ကောင်စီကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ထောက်ခံနေမှု နှင့် နိုင်ငံရေး ပါတီများ ဖျက်သိမ်းမှုတို့ကြောင့် ဥရောပပါလီမန်က ကန့်ကွက် ရှုတ်ချ

 စစ်ကောင်စီက နိုင်ငံရေးပါတီများ ဖျက်သိမ်းမှု၊ တရုတ်နှင့် ရုရှားနိုင်ငံတို့က နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထောက်ခံပေးမှုတို့ကို ဥရောပပါလီမန်က ၂၀၂၃ခုနှစ်၊ မေလ (၁၁)ရက်တွင် ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သိရသည်။

ဒီမိုကရေစီနည်းကျ မဟုတ်ဘဲ ရယူထားသည့် အာဏာအား တရားဝင်မှုရရှိရန် ကြိုးပမ်းသည့် စစ်တပ်၏ ကြိုးပမ်းမှုအားလုံးကို ကန့်ကွက်ကြောင်းနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းဖြင့် နေ့စဉ် တိုက်ခိုက်နေမှု၊ နိုင်ငံရေးပါတီ (၄၀)အား ဖျက်သိမ်းခဲ့မှုနှင့် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများနှင့် တရားမဝင်သည့် စစ်အုပ်ချုပ်ရေးကို ပြင်းထန်စွာ ရှုတ်ချကြောင်း  ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ 

ယင်းဆုံးဖြတ်ချက်အား ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၃၉ မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအပေါ်  ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထောက်ခံပေးနေမှုကိုလည်း ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။ 

ဒါ့ပြင် လေယာဉ်ဆီတင်ပို့ရောင်းချခြင်းနှင့် စစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများပြုလုပ်ပေးရန် ဥရောပသမဂ္ဂအား တောင်းဆိုကြောင်း၊ ရိုဟင်ဂျာများ အပါအဝင် မြန်မာဒုက္ခသည်များနှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးအပ်ရန် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုထားသေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီအင်အားစုများအတွက် ထောက်ပံ့ပေးမှုများကို သိသိသာသာတိုးမြှင့်ပေးရန်အပါအဝင် မြန်မာနိုင်ငံပေါ် စစ်လက်နက်ပိတ်ပင်တားဆီးရေးနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး၌ တရားစွဲဆိုသွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံနှင့် အခြားသော ဒေသတွင်း သက်ဆိုင်သူများ လက်တွဲလုပ်ဆောင်ရန်၊ ရနိုင်သမျှ နိုင်ငံရေးနည်းလမ်းများကို အသုံးပြုရန်၊ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုထားသေးသည်။

နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ ဥပဒေနှင့်မညီသည့် အရေးပေါ်ကြေညာချက်နှင့် ခွဲ ခြားမှုမရှိ အင်အားသုံးတိုက်ခိုက်နေမှုများကို ချက်ချင်းအဆုံးသတ်ရန်၊ အရပ်သားအစိုးရထံ အာဏာပြန်အပ်ရန်နှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ပါဝင်သည့် လွှတ်တော်အား ပြန်လည်ခေါ်ယူပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းအား ပြန်လည်တည်ဆောက်သွားရန်လည်း တောင်းဆိုထားသည်။