မြန်မာပဋိပက္ခတွင် အဓိက သက်ဆိုင်သူများနှင့် တိတ်တဆိတ် ဆွေးနွေးမှုရှိကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောကြား

 အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Rento Marsudi [ Photo: Lee Jin-man/Pool via REUTERS ]
အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Rento Marsudi [ Photo: Lee Jin-man/Pool via REUTERS ]
မြန်မာပဋိပက္ခတွင် အဓိက သက်ဆိုင်သူများနှင့် တိတ်တဆိတ် ဆွေးနွေးမှုရှိကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောကြား
By Mr John

အင်ဒိုနီးရှားနိုင်ငံက မြန်မာပဋိပက္ခတွင် အဓိက သက်ဆိုင်သူများနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်းနှင့် တရုတ်တို့နှင့်ပါ လနှင့်ချီကြာ တိတ်တဆိတ် ထိတွေ့ဆက်ဆံ ဆွေးနွေးမှုများရှိနေခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ၂၀၂၃ခုနှစ် မေလ (၅) ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။ 

“မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု အရှိန်မြင့်တက် ပြင်းထန်လာရာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တစ်ရပ် စတင်ရန် ကြိုးပမ်းအားထုတ်မှုအဖြစ် ထိုသို့ ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဌဖြစ်သည့် အင်ဒိုနီးရှားက မြန်မာအကျပ်အတည်း ဖြေရှင်းရေးတွင် အောင်မြင်မှုတစ်ရပ်ရရှိရန် တိတ်တဆိတ် ကြိုးပမ်းအားထုတ်ခဲ့ကြောင်းနှင့် သံတမန်များက ပဋိပက္ခတွင် သက်ဆိုင်သူများအားလုံးနှင့် ထိတွေ့ဆက်ဆံမှု အကြိမ် (၆၀) ကျော် ပြုလုပ်ခဲ့ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Rento Marsudi က Reuters သတင်းဌာနကို ပြောခဲ့သည်။

အင်ဒိုနီးရှားသံတမန်များက အာဏာသိမ်း စစ်အုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (NUG) တို့နှင့် ထိတွေ့ဆက်ဆံမှု ဆွေးနွေးမှုများရှိခဲ့ကြောင်း သူမက ဆိုသည်။ 

မြန်မာပဋိပက္ခတွင် သက်ဆိုင်သူအားလုံး၏ ယုံကြည်မှုရရှိရန် အလွန်အရေးကြီးကြောင်းလည်း Rento က ပြောသည်။

"အင်ဒိုနီးရှားက လူသိရှင်ကြား အသံကျယ်ကျယ်လောင်လောင် မဟုတ်တဲ့ သံတမန်ရေးနည်းကို အသုံးပြုနေပါတယ်။ ဒါက သက်ဆိုင်သူအားလုံးနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။ ဒါမှသာ သူတို့က ကျမတို့ကို စကားပြောချင်မှာပါ။ တိတ်တဆိတ် သံတမန်ရေးနည်းက ကျမတို့ ဘာမှမလုပ်ခဲ့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အမှန်တကယ်က ပြီးခဲ့တဲ့ (၄) လမှာ အင်ဒိုနီးရှားက အများကြီး လုပ်ခဲ့ပါတယ်" ဟု Rento က ပြောသည်။

"ကျမတို့ တတ်နိုင်သမျှ အားလုံးပါဝင်နိုင်အောင် ကြိုးစားတယ်။ အင်ဒိုနီးရှားက မြန်မာပဋိပက္ခမှာ သက်ဆိုင်သူတွေကြား နက်ရှိုင်းပြီး သိသာတဲ့ ကွာဟမှုကို လျှော့ချဖို့ ပေါင်းကူးဆက်သွယ်ပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ဆက်လက် ကြိုးစားနေပါတယ်" ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး၏ ယခုပြောကြားမှုနှင့် ပတ်သက်၍ မြန်မာစစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်အဖွဲ့ (၂) ဖွဲ့ကို မှတ်ချက်ပေးရန် မေးမြန်းခဲ့ရာ တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

NUG ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကြိုးစားနေခြင်းဖြစ်ရာ အာဆီယံဥက္ကဌနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 

မြန်မာပဋိပက္ခတွင် သက်ဆိုင်သူများအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လုပ်ဆောင်မှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ထောက်ခံထားကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုနှင့် စီးပွားရေး ကသောင်းကနင်းဖြစ်မှုတို့ကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်း ဖြစ်ပေါ်နေခဲ့သည်။ 

အာဏာသိမ်း စစ်အုပ်စုက အတိုက်အခံများကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှ တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံထိပ်သီးအစည်းအ‌ဝေးတွင် သဘောတူညီခဲ့သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် (၅) ချက်ကို လက်တွေ့လိုက်နာ အကောင်အထည်ဖော်ခြင်းမရှိဘဲ လစ်လျူရှုထားခဲ့သည်။ 

ထို့ကြောင့်လည်း စစ်အုပ်စုခေါင်းဆောင်နှင့် ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေး များ တက်ရောက်ခွင့်ပိတ်ပင်ထားခဲ့သည်။ 

လာမည့် သီတင်းပတ်အတွင်း ကျင်းပပြုလုပ်သွားမည့် (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာစစ်ဗိုလ်ချုပ်များကို တက်ရောက်ခွင့်ပိတ်ပင်သွားမည်ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Rento က အတည်ပြုခဲ့သည်။

Source: Reuters