ပါကစ္စတန်နိုင်ငံတွင် ရဲစခန်းတွင်းရှိ ခဲယမ်းသိုလှောင်ခန်း ပေါက်ကွဲမှုကြောင့် ရဲများ အပါအဝင် (၁၇)ဦး သေဆုံး

ပါကစ္စတန်နိုင်ငံတွင် ရဲစခန်းတွင်းရှိ ခဲယမ်းသိုလှောင်ခန်း ပေါက်ကွဲမှုကြောင့် ရဲများ အပါအဝင် (၁၇)ဦး သေဆုံး
By Mr John

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ခဲယမ်းသိုလှောင်ခန်း ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် (၁၇) ဦးအထိရှိလာကြောင်း ရဲတပ်ဖွဲ့က ဧပြီလ (၂၅) ရက် နှောင်းပိုင်းတွင် ပြောသည်။ 

 ၂၀၂၃ခုနှစ် ဧပြီလ (၂၄) ရက်နေ့က ဖြစ်ပွားခဲ့သည့် ခဲယမ်းသိုလှောင်ခန်း ပေါက်ကွဲမှုကြောင့် သေဆုံးသူများအနက် ရဲတပ်ဖွဲ့ဝင် (၉) ဦး၊ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသူ (၅) ဦးနှင့် အရပ်သား (၃) ဦး ပါဝင်ကြောင်း Swat တောင်ကြား ရဲတပ်ဖွဲ့အကြီးအကဲ Shafiullah Gandapur က အတည်ပြုခဲ့သည်။

ခဲယမ်းသိုလှောင်ခန်း ပေါက်ကွဲမှုကြောင့် လူ (၅၀) ကျော် ဒဏ်ရာရခဲ့ပြီး အဆောက်အအုံများ ဆိုးရွားစွာ ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ 

ကျွမ်းကျင်သူများက အခင်းဖြစ်နေရာတွင် လာရောက်စစ်ဆေးခဲ့သော်လည်း စစ်သွေးကြွအုပ်စုတစ်ခုက တိုက်ခိုက်မှုဖြစ်ကြောင်း မည်သည့် အထောက်အထားမျှ မတွေ့ရဟု Gandapur က ဆိုသည်။

ဝါယာရှော့ဖြစ်ရာမှ တဆင့် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အခြား ရဲအရာရှိတစ်ဦးက ပြောသည်။ 

ပါကစ္စတန်တွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း အစ္စလာမ်မစ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ မြင့်တက်ဖြစ်ပွားနေခဲ့ပြီး အထူးသဖြင့် Tehreek-e-Taliban အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုနှင့် ဆွေးနွေးညှိနှိုင်းမှု ပျက်ပြားခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုများ အဖြစ်များလာခဲ့သည်။ 

ယခုလအစောပိုင်းတွင် ပါကစ္စတန်အစိုးရက နိုင်ငံတဝန်း စစ်သွေးကြွများကို ချေမှုန်းမည့် စစ်ဆင်ရေးအသစ် လုပ်ဆောင်မည်ဟု ကြေညာထားသည်။

Source: Reuters

Photo: REUTERS/Hazrat Ali Bacha,