ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်ရှင်တစ်ခုပေါ်သို့ ပျက်ကျသွားခဲ့သည့် လေယာဥ်ပျက်နေရာသို့ ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များ စတင်တက်ရောက်သွားခဲ့ကြောင်းနှင့် အလွန်အန္တရာယ်များသည့် လုပ်ငန်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။
Cessna 340 အမျိုးအစား လေယာဥ်ငယ်မှာ ဖိလစ်ပိုင်အလယ်ပိုင်း Albay ပြည်နယ်ရှိ Bicol အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်သွားခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ (၁၈) ရက် နံနက်နှောင်းပိုင်းတွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုလေယာဥ်မှာ Bicol လေဆိပ်မှ ဖိလစ်ပိုင်မြို့တော် မနီလာမြို့သို့ ဦးတည်ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။
လေယာဥ်ထွက်ခွာလာခဲ့သည့် Bicol အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မေယွန်မီးတောင် (Mayon volcano) မှ မိုင် (၃၀) အကွာတွင် တည်ရှိကြောင်း သိရသည်။
မြို့ပြလေကြောင်းပျံသန်းမှု စုံစမ်းစစ်ဆေးသူများက ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ကင်းထောက်လေယာဥ်တစ်စီးဖြင့် ပျံသန်းရှာဖွေခဲ့ပြီးနေက် မီးတောင်ပေါ်တွင် တွေ့ရှိရသည့် အပျက်အစီးများမှာ ပျောက်ဆုံးနေသည့် လေယာဥ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
လေယာဥ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်သူရှိ မရှိ မသိရသေးဟု ဆိုသည်။
ပျောက်ဆုံးနေသည့် လေယာဥ်မှာ ၎င်းတို့ကုမ္ပဏီပိုင်ဖြစ်ကြောင်း မနီလာမြို့အခြေစိုက် Energy Development Corporation (EDC) က အစောပိုင်းတွင် ပြောခဲ့သည်။
ထိုလေယာဥ်ပေါ်တွင် ဩစတြေးလျနိုင်ငံသားများ အပါအဝင် လူ (၄) ဦး လိုက်ပါသွားကြောင်း သိရသည်။
ထိုဩစတြေးလျနိုင်ငံသားများမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီ EDC အတွက် အကြံပေးအရာရှိများအဖြစ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။
မိုးရွာသွန်းမှု၊ တိမ်ထူထပ်မှုနှင့် မီးတောင်ပေါက်ကွဲနိုင်ခြေရှိမှုတို့ကြောင့် လေယာဥ်ပျက်ကျသည့်နေရာသို့ ရောက်ရှိနိုင်ရန် နှောင့်နှေးမှုကြုံနေခဲ့ရသည်။
ဖိလစ်ပိုင်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ Civil Aviation Authority of the Philippines (CAAP) ၏ ပြောကြားမှုအရ လေယာဥ်မှာ မီးတောင်၏ အနောက်ဘက်ခြမ်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃,၅၀၀) မှ (၄,၀၀၀) ခန့်တွင် ရှိနေကြောင်း သိရသည်။
ပုံရိပ်ကြည်လင်ပြတ်သားသော ကင်မရာတစ်ခု အသုံးပြုပြီး အပျက်အစီးများကို စစ်ဆေးခဲ့ကြောင်း CAAP ပြောခွင့်ရအမျိုးသား Eric Apolonio က ပြောသည်။
ကယ်ဆယ်ရေးအဖွဲ့များကို လေယာဥ်ပျက်ကျသည့်နေရာသို့ ရဟတ်ယာဥ်ဖြင့်ချပေးရန် ကြိုးပမ်းခဲ့သော်လည်း လေပြင်းတိုက်ခတ်မှုနှင့် တိမ်ထူထပ်မှုကြောင့် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် လက်လျှော့လိုက်ရကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။
ထိုနည်းလမ်းအစား ဝါရင့်တောင်တက်သမားများ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များက ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့၌ပင် မတ်စောက်သော မီးတောင်ပေါ်သို့ ခြေကျင်တက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များက ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် လေယာဥ်ပျက်ကျသည့်နေရာသို့ ရောက်ရှိကြမည်ဟု ခန့်မှန်းထားသည်။
လေယာဥ်ပျက်ကျခဲ့သည့် မေယွန်မီးတောင်မှာ ဖိလစ်ပိုင်တွင် လှုပ်ရှားသက်ဝင်မှုအရှိဆုံး မီးတောင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ တန်ချိန်နှင့်ချီသည့် ပြာမှုန်များ၊ ကျောက်တုံးကျောက်ခဲများနှင့် မီးတောင်ချော်ရည်များ ထွက်ရှိလာခဲ့သည်။
ထိုမီးတောင်စောင်းပေါ်သို့ တက်ရောက်ခြင်းကို ကန့်သတ်ထားကြောင်း သိရသည်။
Source: AFP