မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် CDF တို့  တိုက်ပွဲများ ပြင်းထန်

မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် CDF တို့  တိုက်ပွဲများ ပြင်းထန်

 ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်မြို့နယ်)CDF-MINDAT၏ သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာနက ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ် နှင့် Chin Defence Force - Mindat တို့သည် ၂၀၂၃ခုနှစ် ဧပြီလ (၁၀)ရက်နေ့၏ ညနေ(၆)နာရီ ဝန်းကျင်အချိန်က  မင်းတပ်မြို့အနီး (၉) မိုင်ဖက်တွက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖက်က (၃)ဦးသေဆုံးပြီး CDF-MINDAT ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပြီး နောက်နေ့ ဧပြီလ(၁၁)ရက်နေ့၏ ည (၈)နာရီမထိုးမီတွင်  လေကြောင်းကို အဓိက အားကိုးနေရသည့် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ( ၂ ) စီးဖြင့် မင်းတပ်မြို့နယ် အမှတ် (၁) ကျေးရွာ အနီးနှင့် ကျေးရွာထဲများတွင် (၄)ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်(၁)လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဧပြီလ (၇)ရက်နေ့ကလည်း  နံနက်(၇)နာရီခွဲဝန်းကျင်က စပြီး  ည(၆)နာရီဝန်းကျင်အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-MINDAT၊ ယောပူးပေါင်းတပ်ဖွဲ့ တို့သည် မင်းတပ်မြို့နယ် တိုက်နယ် (၁) ဖက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖက်က(၁၅)ဦးထက်မနည်း သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့် ည(၁၁)နာရီခွဲဝန်းကျင်ကနေ ည(၁၂)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်အထိ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မြေပြင်တွင် အရေးနိမ်လေ့ရှိတိုင်း လေကြောင်းကိုသာ အားကိုးအထားပြုပြီး အရပ်သားပြည်သူများနေသည့် ကျေးရွာများအထိပင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိရာ ထိုသို့ ပြုလုပ်ပြီးတိုင်းလည်း ၎င်းတို့၏ အထက်ဌာနအဆင်ဆင့်သို့ အဆိုပါ ကျေးရွာများသည် တော်လှန်ပုန်ကန်သူများ  များနေထိုင်သည့် ကျေးရွာများဖြစ်သည်ဟု လိမ်လည် တင်ပြလေ့ရှိကြောင်း သိရသည်။