KNU တပ်မဟာ (၆)နယ်မြေတွင် (၇)ရက်တာအတွင်း စစ်ကောင်စီတပ်သားနှင့်BGF အပါအဝင် (၂၄)ဦးသေပြီး (၁၁)ဦး အရှင်မိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

KNU တပ်မဟာ (၆)နယ်မြေတွင် (၇)ရက်တာအတွင်း စစ်ကောင်စီတပ်သားနှင့်BGF အပါအဝင် (၂၄)ဦးသေပြီး (၁၁)ဦး အရှင်မိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

 ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန် နှင့် သင်္ကန်းညီနောင်တို့တွင် မတ်လ၏ နောက်ဆုံး (၇)ရက်တာအတွင်း KNU/KNLA ပူးပေါင်း စစ်ကြောင်းများ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ နေရာများသို့ ဝင်ရောက် စီးနင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က စုစုပေါင်း (၂၃)ဦး သေဆုံးကာ (၈)ဦး ဒဏ်ရာရရှိသွားကြသလို စစ်သုံ့ပန်းအဖြစ် (၁၁)ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင် ရဲစခန်း၊  စစ်ကောင်စီတပ်ရင်း ၂၇၅ နှင့် ၃၅၅ တို့အား တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များ တပြိုင်နက်ထဲ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

မတ်လ(၂၅)ရက်နေ့တွင်  စစ်ကောင်စီတပ်၏ (၂၇၅)တပ်ရင်းမှ ဗိုလ်ကြီး(၁)ဦး အပါအဝင်  (၁၁)ဦး သေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာရသွားကြောင်းနှင့် ဒုရဲမှူး(၁)ဦး၊ တပ်ကြပ်ကြီး(၁)ဦး၊ တပ်ကြပ်(၂)ဦး၊ ဒုတပ်ကြပ်(၂)ဦး၊ တပ်သား(၁)ဦး နှင့် ဒုတပ်ကြပ်၏ဇနီး (၁)ဦး၊ စုစုပေါင်း (၈)ဦးအား  စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ 



အဆိုပါ တိုက်ပွဲများမှ ပစ္စတို(၁)လက်၊ AK Rifle(၇)လက်၊ AKစက်လက်(၁)လက်၊ G3(၇)လက်၊ UZI(၁)လက်၊ AK  ကျည် (၁၉၆)တောင့်၊ G3ကျည် (၃၈၅)တောင့်၊ 9mm (၁၀၄)တောင့် အပြင် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းစစ်ကူ(၅)ကြိမ်၊ လက်နက်ကြီးပစ်ကူအကြိမ်ရေ (၅၀)အထက်ပစ်ခတ်ခဲ့ရာ ဒေသခံ(၂)ဦးထိခိုက်ဒဏ် ရာရခဲ့ပြီး ဘုရားကျောင်း၊ ပြည်သူပိုင် နေအိမ်(၅)လုံး၊ စပါးကျီ (၂)လုံး၊ ဆိုင်ကယ်(၁)စီး၊ ထွေလာ(၁)စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်(၂)ဦး ဒဏ် ရာရှိခဲ့ပြီး တပ်ခွဲ(၅)မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

 

မတ်လ (၂၆)ရက်နေ့တွင် ဒေသခံများနေထိုင်ရာ မဲကနယ်ရွာ၊ ရွှေမြစန္ဒီမြို့သစ်၊ အိမ်(၅၀)ရပ်ကွက်အား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ်ရေ (၃၀)ထက်မနည်း ပစ်ခတ်ခဲ့ရာ နေအိမ်(၂)လုံးနှင့် ဆိုင်ကယ်(၁)စီး ပျက်စီးပြီး ဝက်(၁)ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

 

မတ်လ (၂၇)ရက်တွင် စစ်ကောင်စီနှင့် BGF တို့မှ လက်နက်ကြီးဖြင့် (၁၈)ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မဲကနယ်ဘုန်းကြီးကျောင်း  မုခ်ဦးပျက်စီးခဲ့ရသလို မတ်လ (၂၈)ရက်တွင် ရွှေမြစန္ဒီမြို့သစ်အား လက်နက်ကြီးဖြင့်(၄၈) ကြိမ်ပစ်ခတ်ခဲ့ရာ နေအိမ်(၁၃)လုံးထိမှန်ပြီး (၁)လုံး မီးလောင်ပျက် စီးခဲ့ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းက  Drone နှင့် Sniper အသုံးပြု ၍ ပြန်လည်ပစ်ခတ်မှုကြောင့် BGF(၁)ဦးသေကြောင်း သိရသည်။

မတ်လ (၂၉)ရက်တွင် လက်နက်ကြီး(၂၀)ကြိမ်အထက် ပစ်ခတ်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းမှ Sniper၊ Drone တို့ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီး(၁)ဦးနှင့် IO(၁)ဦးသေကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့တွင် သင်္ကန်းညီနောင်ရဲစခန်းအား Sniperဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား(၃)ဦးသေပြီး စစ်ကောင်စီတပ်ဘက် ကလည်း လက်နက်ကြီးဖြင့် အကြိမ်ရေ(၂၀)ကျော် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသောနယ်မြေအတွင်းသို့ဝင်လာသည့် BGF ဗိုလ်ကြီး(၁)ဦး အပါအဝင်(၃)ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မတ်လ (၃၁)ရက်နေ့တွင် စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် (၁၃၅) ကြိမ် ပစ်ခတ်ခဲ့ရာ နေအိမ်အမြောက်အများ မီးလောင်ပျက်စီးခဲ့ပြီး   နွား(၃)ကောင်သေဆုံးကာ ကော်ဘရာစစ်ကြောင်းမှ ရဲဘော် (၂)ဦး ဒဏ်ရာရရှိခဲ့ ကြောင်း နှင့် ကော်ဘရာစစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ BGF (၆)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်ပြည်နယ်အတွင်း စစ်ရေးနိမ့်ပါးနေသည့်အတွက် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးနေရာကိုတောင် အပြောင်းအလဲ ပြုလုပ်နေရသည့် အနေအထားဖြစ်နေသည်။

#TachileikNewsAgency

Photo: Cobra Column