အမေရိကန် လေပိုင်နက်အတွင်း ရောက်ရှိလာသည့် တရုတ်၏ စပိုင်မိုးပျံပူဖောင်းကို တိုက်လေယာဉ်ဖြင့် ပစ်ချမှုအား တရုတ်ဘက်က ပြင်းထန်စွာ ကန့်ကွက်

အမေရိကန် လေပိုင်နက်အတွင်း ရောက်ရှိလာသည့် တရုတ်၏ စပိုင်မိုးပျံပူဖောင်းကို တိုက်လေယာဉ်ဖြင့် ပစ်ချမှုအား တရုတ်ဘက်က ပြင်းထန်စွာ ကန့်ကွက်
ဖေဖော်ဝါရီ 5, 2023 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်လေပိုင်နက်အတွင်း သီတင်းပတ်တစ်ပတ်ကြာ ဝင်ရောက် ပျံသန်းနေခဲ့သည့် တရုတ်နိုင်ငံ၏ စပိုင် မိုးပျံပူဖောင်းကြီးကို အမေရိကန်လေတပ် တိုက်လေယာဥ်တစ်စီးက တောင်ကာရိုလိုင်းနားပြည်နယ် ကမ်းလွန်တွင် ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် ပစ်ချလိုက်ပြီဖြစ်ပြီး ယခုဖြစ်ရပ်က တရုတ်-အမေရိကန် ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ထိုမိုးပျံပူဖောင်းကို ပစ်ချရန် အမိန့်ထုတ်ခဲ့သော်လည်း အပျက်အစီးများက မြေပြင်သို့ကျလာပြီး အန္တရာယ်ရှိနိုင်မှုကြောင့် ပင်တဂွန်စစ်ဌာနချုပ်က ပင်လယ်ရေအပြင်အထက်သို့ ရောက်ရှိချိန်အထိ စောင့်ဆိုင်းရန် အကြံပြုခဲ့သည်။ 

တရုတ်၏ စပိုင် မိုးပျံပူဖောင်းက စီးပွားဖြစ်လေကြောင်းလိုင်း လေယာဥ်များ၏အထက် အမြင့်ပေ ထောင်ပေါင်းများစွာတွင် ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။

"သူတို့ အောင်မြင်စွာ ပစ်ချခဲ့ပြီးပါပြီ။ ဒီလိုပစ်ချနိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ လေယာဥ်မှူးတွေကို ချီးကျူးချင်ပါတယ်" ဟု သမ္မတဘိုင်ဒန်က စပိုင် မိုးပျံပူးဖောင်းကို ပစ်ချခဲ့ပြီးနောက် ပြောသည်။ 

အမေရိကန်ကောင်းကင်ယံတွင် ပျံသန်းနေခဲ့သည့် တရုတ်၏ စပိုင် မိုးပျံပူးဖောင်းကြီးကို ပစ်ချသည့် မစ်ရှင်တွင် တိုက်လေယာဥ်များနှင့် လေယာဥ်ဆီဖြည့် လေယာဥ်တို့ ပါဝင်ခဲ့ကြသော်လည်း ဗာဂျီးယားပြည်နယ် Langley လေတပ်အခြေစိုက်စခန်းမှ F-22 တိုက်လေယာဥ်တစ်စီးတည်းကသာ ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ (၄) ရက် မွန်းလွဲ (၂) နာရီ (၃၉) မိနစ်အချိန်တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် F-22 တိုက်လေယာဥ်က အသံထက်မြန်ပြီး အပူငွေ့အာရုံခံစနစ်ပါဝင်သည့် ဝေဟင်မှဝေဟင်ပစ် AIM-9X ဒုံးကျည်တစ်စင်းဖြင့် တရုတ် စပိုင် မိုးပျံပူဖောင်းကို ပစ်ချလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောသည်။ 

တရုတ်နိုင်ငံကမူ မိုးလေဝသနှင့် အခြား သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့သော ၎င်း၏ မိုးပျံပူဖောင်းကို စစ်ရေးတိုက်ခိုက်မှုဖြင့် ပစ်ချခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။ 

ထိုမိုးပျံပူဖောင်းမှာ အမေရိကန် လေပိုင်းနက်အတွင်းသို့ မတော်တဆ ဝင်ရောက်သွားခဲ့ကြောင်း ပြောကြားမှုကို အမေရိကန်အရာရှိများက ပယ်ချခဲ့သည်ဟု ဆိုသည်။

Source: Reuters

Photo: REUTERS/Randall Hill, REUTERS/Allison Joyce,