ကိုဆိုဗိုနှင့် ဆားဘီးယားတို့ကြား ဆားဘီးယား ကားနံပါတ်ပြားကိစ္စ အငြင်းပွားနေမှုကို ဖြေရှင်းရန် သဘောတူညီမှုရခဲ့ပြီဟု သိရသည်။
အစောပိုင်းတွင် ကားနံပါတ်ပြားကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ခဲ့ရာ ကိုဆိုဗိုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ဥရောပသမဂ္ဂနှင့် ဆားဘီးယားနိုင်ငံတို့က သတိပေးခဲ့သည်။
ယခုအခါတွင်မူ ကားနံပါတ်ပြားကိစ္စ နှစ်ဘက်သဘောတူညီမှုရခဲ့ပြီဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က Twitter တွင် နိုဝင်ဘာလ (၂၄) ရက် နံနက်ပိုင်းက ပြောထားသည်။
ကိုဆိုဗိုမှာ ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားနိုင်ငံထံမှ လွတ်လပ်ရေးကြေညာခဲ့သည့် နိုင်ငံငယ်ဖြစ်သည်။
သို့သော် ဆားဘီးယားနိုင်ငံက ကိုဆိုဗိုလွတ်လပ်ရေးကို အသိအမှတ်မပြုထားကြောင်း သိရသည်။
ကိုဆိုဗိုအာဏာပိုင်များက လူနည်းစု ဆာ့ဘ်တို့ကို ၎င်းတို့၏ ဆားဘီးယား ကားနံပါတ်ပြားများ စွန့်လွှတ်စေလိုသည်။
ကိုဆိုဗိုတွင် ရဲတပ်ဖွဲ့က နိုဝင်ဘာလ (၂၂) ရက်မှစပြီး ဆားဘီးယား ကားနံပါတ်ပြား တပ်ဆင်အသုံးပြုသူများကို ယူရိုငွေ (၁၅၀) ဒဏ်ရိုက်သွားရန် စီစဥ်ထားသည်။
ထိုကားနံပါတ်ပြားများမှာ ဆားဘီးယားထံမှ လွတ်လပ်ရေးအတွက် ၁၉၉၉ ခုနှစ် စစ်ပွဲမတိုင်မီတွင် ထုတ်ပေးထားခြင်းဖြစ်ရာ တရားမဝင်တော့ကြောင်း ကိုဆိုဗိုက ပြောသည်။
ဆာ့ဘ်ပြန်ဌာန်းချက်များကိုသာ လက်ခံထားကြသည့် ကိုဆိုဗိုမြောက်ပိုင်းရှိ ဆာ့ဘ်လူမျိုး (၅၀,၀၀၀) မှာ Pristina မြို့တော်တွင် ထုတ်ပေးထားသည့် ကိုဆိုဗို ကားနံပါတ်ပြားများကို အသုံးပြုရမည်ဟု ဆိုသည်။
ထိုကိစ္စအပေါ် အငြင်းပွားမှုဖြစ်ခဲ့ပြီး ဥရောပသမဂ္ဂက ကြားဝင်၍ ဆွေးနွေးညှိနှိုင်းခဲ့ရာ ကိုဆိုဗိုက ဥရောပသမဂ္ဂ၏ အဆိုပြုချက်ကို လက်မခံခဲ့ရာ အစောပိုင်းတွင် ဆွေးနွေးမှု မအောင်မြင်ခဲ့ပေ။
သို့သော် ၎င်း၏ အဓိက မဟာမိတ်ဖြစ်သည့် အမေရိကန်နိုင်ငံက ဖိအားပေးမှုရှိလာပြီးနောက် ကိုဆိုဗိုက ဆွေးနွေးညှိနှိုင်းမှု ပြန်လုပ်လာခဲ့ကြောင်း သိရသည်။
ဆားဘီးယားသမ္မတ Aleksandar Vucic က ဆားဘီးယားအနေဖြင့် ကိုဆိုဗိုမြောက်ပိုင်းရှိ ဆာ့ဘ်တို့အတွက် ကားနံပါတ်ပြတ်များ ထုတ်ပေးခြင်းနှင့် အသစ်ပြန်လုပ်ပေးခြင်းတို့ကို ရပ်ဆိုင်သွားမည်ဟု ဆွေးနွေးညှိနှိုင်းရာတွင် ပြောခဲ့သည်။
ကိုဆိုဗိုနိုင်ငံသည် ဆားဘီးယားနိုင်ငံကနေ ခွဲထွက်ထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး အသိအမှတ်ပြု ခံရမှုနည်းပါးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
Source: BBC
Photo: AFP, GETTY IMAGES, EPA