ကိုရီးယားနိုင်ငံတွင် ဖဲရိုက်နေသည့် မြန်မာများကို ဖမ်းဆီးရမိသဖြင့် လောင်းကစားမှုများကို ရှောင်ကြရန် ရဲအရာရှိများက NUG ကနေ တဆင့် တိုက်တွန်းပြောကြားသွား

ကိုရီးယားနိုင်ငံတွင် ဖဲရိုက်နေသည့် မြန်မာများကို ဖမ်းဆီးရမိသဖြင့် လောင်းကစားမှုများကို ရှောင်ကြရန် ရဲအရာရှိများက NUG ကနေ တဆင့် တိုက်တွန်းပြောကြားသွား
စက်တင်ဘာ 16, 2024 | နိုင်ငံတကာသတင်း

ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်အတွင်း မြန်မာများ တရားမဝင်လောင်းကစားမှုများကို ရှောင်ရှားကြရန် ရဲအရာရှိများက ထပ်မံတိုက်တွန်းကြောင်း သိရသည်။

ရဲအရာရှိများက NUG ကိုယ်စားလှယ်ရုံးသို့  ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့တွင် လာရောက်ပြီး ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များအား တွေ့ဆုံစဉ် တိုက်တွန်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံစဉ်အတွင်း ရဲအရာရှိများက ယမန်နေ့ညက ဘူဖျောင်းမြို့ စားသောက်ဆိုင်တခုတွင် ဖဲဝိုင်းဖမ်းမိ ခဲ့ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

လောင်းကစားပြုလုပ်ကြသူများအား ဖမ်းဆီးရာတွင် အိုင်ဒီကတ်များပါ စစ်ဆေးရာ ဗီဇာမဲ့နေထိုင်သူ (၅)ဦးအားတွေ့ရှိ၍ လဝကလက်သို့ အပ်နှံပေး လိုက်ရကြောင်း သိရသည်။



ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ရဲစခန်းမှ တာဝန်အရ ဆောင်ရွက်ရသည်ကို နားလည်ကြောင်း၊ မြန်မာကွန်မြူနတီအတွင်း အသိပေးမှုကို တိုးမြှင့်လုပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်ဟု ဆိုသည်။

ကိုရီးယားရိုးရာ ကောက်သစ်ပွဲတော်ကာလ ပိတ်ရက်ရှည်အတွင်း ဘူဖျောင်းမြို့နယ်တွင် မြန်မာများ ထောင်နှင်ချီ စုဝေးရောက်ရှိနေခြင်းဖြစ်ရာ ရဲတပ်ဖွဲ့မှလည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။