ဟောင်ကောင်တွင် အသတ်ခံရမည့် ဝက်၏ ဝင်တိုက်မှုကြောင့် ဝက်သတ်သမား သေဆုံး

ဟောင်ကောင်တွင် အသတ်ခံရမည့် ဝက်၏ ဝင်တိုက်မှုကြောင့် ဝက်သတ်သမား သေဆုံး
ဇန်နဝါရီ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

ဟောင်ကောင်ရှိ သားသတ်ရုံတစ်ရုံတွင် အသတ်ခံရမည့် ဝက်တစ်ကောင်က ရုန်းကန်ပြီး ဝင်တိုက်ခဲ့ရာမှ ဝက်သက်သမား သေဆုံးသွားခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ 

တရုတ်ပြည်မကြီးနှင့် နယ်စပ်ဒေသ ဟောင်ကောင်မြောက်ပိုင်း ဆင်ခြေဖုံးရှိ Sheung Shui သားသတ်ရုံတွင် အလုပ် လုပ်ကိုင်သူ အသက် (၆၁) နှစ်အရွယ် သားသတ်သမားမှာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့က ဝက်ကို သတ်ရန် လုပ်ဆောင်နေစဥ် ရုန်းကန်ပြီး ထွက်ပြေးသည့် ဝက်က ဝင်တိုက်ခဲ့မှုကြောင့် လဲကျသွားပြီးနောက် (၁၅) လက်မရှည်သည့် သားလှီးဓားဖြင့် ထိခိုက်မိရာမှ ထိုဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က CNN သတင်းဌာနကို ပြောသည်။

သားသတ်သမားက အဆိုပါ ဝက်ကို မူးမေ့သတိလစ်စေသည့် လျှပ်စစ်သေနတ်ဖြင့် ပစ်ထားခဲ့ပြီးနောက် သားလှီးဓားဖြင့် သတ်ရန် ပြင်ဆင်နေစဥ် ရုတ်တရက် ဝက်က သတိပြန်ရလာပြီး ရုန်းကန်ထွက်ပြေးစဥ် ၎င်းကို တိုက်ချသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

သားသတ်ရုံမှ လုပ်ဖော်ကိုင်ဖက် တစ်ဦးက လက်ထဲတွင် သားလှီးဓားကိုင်လျက်သား သတိလစ် လဲကျနေပြီး ဘယ်ဖက်ခြေထောက် ဓားဒဏ်ရာရထားသည့် ဝက်သတ်သမားကို တွေ့ခဲ့ခြင်းဖြစ်သည်။

၎င်းကို အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ထိုဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

Source: CNN