ထိုင်းနိုင်ငံတွင် ဒူးရင်းခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ၎င်း၏ ဒူးရင်းသီးများကို ကာကွယ်ရန် တပ်ဆင်ထားသော လျှပ်စစ်ခြံစည်းရိုးကြောင့် တောဆင်ရိုင်း (၂) ကောင် ဓာတ်လိုက်သေဆုံးခဲ့ပြီးနောက် ထိုအမျိုးသမီးကို တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေး အက်ဥပဒေဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ထိုအမျိုးသမီး၏ ဒူးရင်းခြံမှာ Tai Rom Yen အမျိုးသားဥယျာဥ်၏ နယ်နမိတ်အတွင်း ဆူရတ်ဌာနီပြည်နယ် ကန်ချန်နာဒစ်ခရိုင်တွင် တည်ရှိသည်။
တောဆင်ရိုင်း (၂) ကောင် သေဆုံးနေကြောင်း ဒေသခံများထံမှ သတင်းရရှိပြီးနောက် စုံစမ်းစစ်ဆေးရန် အမျိုးသားဥယျာဥ် အကြီးအကဲ Chaiyaporn Chaiyos က တိရိစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ဒူးရင်းခြံသို့ သွားရောက်ခဲ့သည်။
တောဆင်ရိုင်း (၂) ကောင်မှာ ဒူးရင်းခြံနှင့်ကပ်လျက် ဂဝံကျောက်ခင်းလမ်းပေါ်တွင် လဲကျသေဆုံးနေသည်ကို တွေ့ရပြီး ဆင်တစ်ကောင်မှာ အသက် (၃၀) -(၃၅) နှစ်နှင့် အခြား တစ်ကောင်မှာ အသက်(၂၀) -(၂၅) နှစ်ခန့် ဖြစ်ကြောင်း သိရသည်။
ပထမ ဆင်မှာ ဒူးရင်းခြံကို ကာရံထားသော လျှပ်စစ်ဓာတ်လွှတ်ထားသည့် ခြံစည်းရိုးနှင့်ထိမိပြီးနောက် ဓာတ်လိုက်ခံရကာ လဲကျသေဆုံးခဲ့သည်ဟု အရာရှိများက ယူဆခဲ့ကြသည်။
ထို့နောက် ဒုတိယဆင်က ၎င်း၏အဖော်ကို ကူညီရန် ကြိုးပမ်းခဲ့ရာမှ ဓာတ်လိုက်ခံရပြီး သေဆုံးခဲ့ကြောင်း အရာရှိများက ကောက်ချက်ချခဲ့ကြသည်။
အရာရှိများ၏ စစ်ဆေးမှုအရ တောဆင်ရိုင်း (၂) ကောင် သေဆုံးနေသည့် ဂဝံကျောက်လမ်းနှင့်ကပ်လျက်ရှိ ဒူးရင်းခြံပတ်လည်ကို လျှပ်စစ်ဓာတ်လွှတ်ထားသော ခြံစည်းရိုးဖြင့် ကာရံထားကြောင်း တွေ့ရသည်။
ဒူးရင်းခြံပိုင်ရှင် အမျိုးသမီးကို ၂၀၁၈ ခုနှစ် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ Wildlife Conservation and Protection Act ဖြင့် စွဲချက်တင်ခဲ့သည်။
ထိုအက်ဥပဒေအရ အပြစ်ရှိကြောင်း တွေ့ရှိရပါက ဒူးရင်းခြံပိုင်ရှင် အမျိုးသမီးမှာ (၁၀) နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဘတ် (၁) သန်း ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။
#TachileikNewsAgency
Source: Bangkok Post