ထိုင်းနိုင်ငံအတွင်း Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေ Mask တပ်ရမည့် စည်းမျဉ်း ရုပ်သိမ်း

Photo: AP
Photo: AP
ထိုင်းနိုင်ငံအတွင်း Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေ Mask တပ်ရမည့် စည်းမျဉ်း ရုပ်သိမ်း
By Mr John

 ထိုင်းနိုင်ငံတွင် COVID-19 အခြေအနေ တိုးတက်လာပြီဖြစ်ရာ မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်းကို အစိုးရက ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။ 

"ရောဂါကာကွယ်ရေး သို့မဟုတ် ပိတ်စ mask တွေကို တပ်ခြင်းက မိမိသဘောအလျောက် ဖြစ်ပါမယ်" ဟု Royal Gazette က ဇွန်လ (၂၃) ရက်တွင် ဖော်ပြထားသည့် ကြေညာချက်၌ ပြောထားသည်။

ထိုင်းအစိုးရက မဖြစ်မနေ mask တပ်ရန် လိုအပ်ချက်ကို အဆောက်အအုံအတွင်းနှင့် ပြင်ပနေရာများတွင်ပါ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက CNA သတင်းဌာနကို ပြောသည်။ 

သို့သော် ဝန်ကြီးဌာနအနေဖြင့် အချင်းချင်း ခပ်ခွာခွာနေရန် မဖြစ်နိုင်သော သို့မဟုတ် လေဝင်လေထွက် မကောင်းသော လူစုလူဝေးရှိသည့်‌ နေရာများတွင် mask တပ်ရန် အကြံပြုထားဆဲဖြစ်ကြောင်း Royal Gazette တွင် ဖော်ပြသည်။

အသက် (၆၀) နှစ်နှင့်အထက် အသက်အရွယ်ရှိသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ကင်ဆာ၊ ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ သို့မဟုတ် နာတာရှည် ကျောက်ကပ်ရောဂါရှိသူများကဲ့သို့ ပြင်းထန်သည့် COVID-19 ရောဂါလက္ခဏာ ဖြစ်နိုင်ခြေမြင့်မားသူများမှာ ၎င်းတို့အနီးတွင် အခြားလူများရှိနေချိန်တိုင်း mask တပ်ထားရန် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားဆဲဖြစ်သည်။

ထို့အတူ COVID-19 ကူးစက်ခံရသူများနှင့် ၎င်းတို့နှင့်ထိတွေ့မှုရှိသော ကူးစက်မှုအန္တရာယ်မြင့်မားသူများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများကိုလည်း mask တပ်ခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနက အလားတူ အကြံပြုထားသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ အများပြည်သူအနေဖြင့် mask တပ်ခြင်းက COVID-19 အပါအဝင် ကူးစက်ရောဂါများနှင့် အခြား အသက်ရှူလမ်းကြောင်း ရောဂါကူးစက်မှုများကို ကာကွယ်နိုင်ခြင်းနှင့် အခြား ကျန်းမာရေးအန္တရာယ်များကို လျှော့ချနိုင်ခြင်းတို့ကို စဥ်းစားရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် mask တပ်ရန် လိုအပ်ချက်အပြင် ဖျော်ဖြေရေးနေရာများ၊ အရက်ဆိုင်များ၊ ဘားဆိုင်များနှင့် စားသောက်ဆိုင်များတွင် အရက်ရောင်းချမှုကို ဥပဒေနှင့် ရောဂါကာကွယ်ရေး အစီအမံများအတိုင်း လိုက်နာဆောင်ရွက်ပြီး ရောင်းချနိုင်ကြောင်း ခွင့်ပြုလိုက်ပြီဟု ဆိုသည်။ 

ယခုကြေညာချက်မတိုင်မီ ထိုလုပ်ငန်းများအနေဖြင့် ညသန်းခေါင်အချိန်အထိသာ ဖွင့်လှစ်ပြီး အရက်ရောင်းချနိုင်ခဲ့သည်။

ဇွန်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ထိုင်းနိုင်ငံ၏ COVID-19 အခြေအနေ တိုးတက်လာခဲ့ကြောင်းနှင့် ကူးစက်မှုနှင့် သေဆုံးမှု အရေအတွက်များ ကျဆင်းသွားကြောင်းလည်း ဖော်ပြထားသည်။ 

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ဇွန်လ (၂၄) ရက် ထုတ်ပြန်ချက်အရ COVID-19 ကူးစက်လူနာအသစ် (၂,၃၁၃) ဦးနှင့် သေဆုံးသူ (၁၆) ဦးရှိခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံတွင် ဇွန်နဝါရီလ (၁) ရက်မှစပြီး COVID-19 နှင့် ဆက်နွယ်သည့် သေဆုံးသူအရေအတွက် (၈,၈၆၁) ဦးရှိခဲ့ကြောင်း CNA သတင်းက ဖော်ပြသည်။

 

Source: CNA