စစ်ကောင်စီတပ်ဖွဲ့များ စွန့်ခွာသွားသည့်  သကျက်တောနယ်မြေရဲစခန်းကို  မီးရှို့

စစ်ကောင်စီတပ်ဖွဲ့များ စွန့်ခွာသွားသည့်  သကျက်တောနယ်မြေရဲစခန်းကို  မီးရှို့
By Tachileik News Agency

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မကြာခဏတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့များ စွန့်ခွာသွားသည့် သကျက်တောနယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါစခန်းကို စစ်ကောင်စီတပ်ဖွဲ့များက  ဇန်နဝါရီလ (၁၃) ရက်နေ့တွင် စွန့်ခွာသွားခဲ့ခြင်းဖြစ်ပြီး ရဲစခန်းဝင်းအတွင်းရှိ အဆောင် (၅)ဆောင်နှင့် ဘန်ကာ (၂) ခုတို့ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သကျက်တောရွာ နယ်မြေရဲစခန်းကို ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ရဲကားကို မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင်  ယင်းစခန်းမှထွက်၍ ထန်းရည်သွားသောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး လမ်းတွင်ပစ်ခတ်ခံရခြင်းတို့ ဖြစ်ပွားပြီးနောက် စခန်းကိုစွန့်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀)ဝန်းကျင်  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ရေလမ်းကြောင်းမှ

ရောက်ရှိလာကာ ၎င်းစခန်းရှိ စာရွက်စာတမ်းနှင့် ပစ္စည်းများသိမ်းဆည်း၍ ဇန်နဝါရီလ ၁၃ ရက်တွင် စခန်းစွန့်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။