ထိုင်းနိုင်ငံတွင် နာမကျန်းဖြစ်နေသော မိခင်ထံမှ ဘတ် သန်း (၂၅၀) ခိုးယူခဲ့သည့် သမီးဖြစ်သူ ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံရ

ထိုင်းနိုင်ငံတွင် နာမကျန်းဖြစ်နေသော မိခင်ထံမှ ဘတ် သန်း (၂၅၀) ခိုးယူခဲ့သည့် သမီးဖြစ်သူ ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံရ
ဒီဇင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေသည့် အသက် (၈၅) နှစ်အရွယ် မိခင်ထံက ဘတ်ငွေ သန်း (၂၅၀) ကျော် ခိုးယူခဲ့သည့် အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ (၂၉) ရက်နေ့က ထောင်ဒဏ် နှစ် (၂၀) ကျခံစေရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

 Phra Khanong ရာဇဝတ်မှုတရားရုံးက အသက် (၅၆) နှစ်အရွယ် Mawadee Sriwirat အမည်ရှိ အမျိုးသမီးကို ၎င်း၏မိခင် Huay Sriwirat ကို ဘတ် (၁၂၃) သန်း ပြန်ပေးရန်လည်း အမိန့်ချခဲ့ကြောင်း သိရသည်။

တရားလိုရှေ့နေများက Mawadee နှင့် Kasikornbank မှ ဘဏ်ဝန်ထမ်း (၄) ဦးကို ဘတ် သန်း (၂၅၀) ကျော် နစ်နာဆုံးရှုံးစေသည့် ခိုးမှုနှင့် အတုပြုလုပ်မှုဖြင့် ၂၀၁၉ ခုနှစ်အတွင်း အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

တရားလိုရှေ့နေ့ Jatuporn Chanasit က သတင်းထောက်များကို ပြောကြားမှုအရ ၎င်း၏အမှုသည် ပိုင်ဆိုင်သော ငွေများကို ဘဏ်အကောင့်မှ ထုတ်ယူရန်မှာ သူမ၏ လက်မှတ်သာ လိုအပ်သည်ဟု ဆိုသည်။

သို့သော် ၂၀၁၄ ခုနှစ်တွင် တရားလိုဖြစ်သူ Huay Sriwirat မှာ နှလုံးသွေးကြောရောဂါဖြင့် ဆေးရုံတက်ခဲ့ရသည်။ 

ထို့နောက် သူမ၏ သမီးဖြစ်သူ Mawadee က ဘဏ်ဝန်ထမ်း (၄) ဦးနှင့် ပူးပေါင်းကြံစည်ပြီး ဘဏ်အကောင့် (၂) ခုမှ ငွေထုတ်ယူရန် မိခင်ဖြစ်သူ၏ လက်မှတ်ထိုးရန် လိုအပ်မှုကို လက်ဗွေရာအဖြစ်သို့ ပြောင်းလဲခဲ့ကြောင်း ရှေ့နေ့ Jatuporn က ပြောသည်။

ထိုနောက်ပိုင်းတွင် အကြိမ်ရေ ရာနှင့်ချီ ငွေထုတ်ယူမှုများမှတစ်ဆင့် စုစုပေါင်း ဘတ် (၂၅၃) သန်းကို ထုတ်ယူသွားခဲ့သည်။ 

တရားရုံးက Mawadee ကို အတုပြုလုပ်မှု (၈၄) ခု၊ အတုပြုလုပ်ထားသော စာရွက်စာတမ်းများ အသုံးပြုမှုနှင့် ခိုးယူမှုတို့အတွက် အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

ထိုအမှုတွင် ပါဝင်ပတ်သက်ခဲ့သော ဘဏ်ဝန်ထမ်းများအနက်မှ တစ်ဦးကို ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ပြီး အခြား (၃) ဦးကိုမူ တရားသေလွှတ်ခဲ့ကြောင်း သိရသည်။

Huay Sriwirat က ၎င်း၏သမီး Mawadee ၊ Kasikornbank ဘဏ်နှင့် ဘဏ်ဝန်ထမ်း (၄) ဦးကို Phra Khanong Civil Court တရားရုံးတွင်လည်း တရားစွဲဆိုထားပြီး နစ်နာကြေး ဘတ် သန်း (၃၅၀) တောင်းဆိုထားသည်။ 

ထိုအမှုကို တရားရုံးက ကြားနာစစ်ဆေးမှု မလုပ်ရသေးဟု ဆိုသည်။ 

၂၀၁၇ ခုနှစ်အတွင်း မိခင်ဖြစ်သူ၏ ဘဏ်အကောင့်များမှ ဘတ် (၂၄) သန်းကို တဖြည်းဖြည်း ထုတ်ယူခဲ့မှုအတွက် အောက်တရားရုံးတစ်ရုံးက Mawadee ကို ထောင်ဒဏ် (၁၂) နှစ် ပြစ်ဒဏ်ချမှတ်ထားမှုအား အယူခံတရားရုံးက နိုဝင်ဘာလ (၁) ရက်နေ့တွင် အတည်ပြုခဲ့သည်။

Source: Bangkok Post

Photo: Thai Rath, Kapook