ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ယာဉ်တိုက်မှုကြောင့် ရဲစခန်း၌ ညှိနှိုင်းရင်း သေနတ် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ယာဉ်တိုက်မှုကြောင့် ရဲစခန်း၌ ညှိနှိုင်းရင်း သေနတ် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံး
ဒီဇင်ဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရဲစခန်းအတွင်း အစောပိုင်းရက်က ယာဥ်တိုက်မှုတစ်ခုနှင့် ပတ်သက်၍ ညှိနှိုင်းနေစဥ် အခြား အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့သည့် အသက် (၂၇) နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားကြောင်း သိရသည်။ 

ဒီဇင်ဘာလ (၁၆) ရက်နေ့က ဘန်‌ကောက်မြို့ Bang Kae ခရိုင်ရှိ Lak Song ရဲစခန်းတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် သေဆုံးသူအမျိုးသား၏ ရှေ့နေလည်း ဒဏ်ရာရခဲ့သည်။

Lak Song ရဲတပ်ဖွဲ့က ရဲစခန်းအတွင်း ပစ်ခတ်ခဲ့သည့် Peerasin Kulchutisin ကို ဒီဇင်ဘာလ (၁၇) ရက် နံနက်ပိုင်းတွင် Thon Buri ရာဇဝတ်မှုတရားရုံး၌ ရုံးထုတ်ခဲ့ပြီး ကြိုတင်ကြံရွယ် လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုနှင့် အများပြည်သူနေရာတွင် ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ထိန်းသိမ်းထားခွင့်ပြုရန် လျှောက်ထားခဲ့သည်။

၎င်း၏ရာဇဝတ်မှုများ ကြီးလေးပြင်းထန်မှုနှင့် ထွက်ပြေးနိုင်ခြေရှိမှုတို့ကြောင့် တရားရုံးက Peerasin Lulchutisin ဘက်မှ အာမခံလျှောက်ထားမှုကို ငြင်းပယ်လိုက်ပြီး ထိန်းသိမ်းထားရန် ခွင့်ပြုလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

အသက် (၃၂) နှစ်အရွယ် Komsan Intharit ဆိုသူ အမျိုးသားမှာ ရဲစခန်းအတွင်း ၉ မမ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းနှင့် ၎င်း၏ရှေ့နေ အသက် (၃၃) နှစ်အရွယ် Anusorn Wichathron မှာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၂၇) ရက်နေ့က ဖြစ်ပွားခဲ့သည့် အသေးစား ယာဥ်တိုက်မှုနှင့် ပတ်သက်၍ ရဲစခန်းတွင် နှစ်ဘက် ညှိနှိုင်းနေစဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

Phetkasem  လမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှုနှင့် ပတ်သက်၍ နှစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်ဟု ဆိုသည်။ 

ရဲစခန်းအတွင်း ပစ်ခတ်မှုဖြင့် ဖမ်းဆီးထားသည့် Peerasin က ပြစ်မှုများကို ဝန်ခံခဲ့ကြောင်းနှင့် ယာဥ်တိုက်မှုဖြစ်ပြီးနောက် Komsan က ၎င်းကို သံလက်သီးကွင်းသုံးပြီး တိုက်ခိုက်ခဲ့မှုကြောင်း သိသိသာသာ ဒဏ်ရာဖြစ်စေခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း မြို့တော်ရဲဌာန နယ်မြေ (၉) ၏ လက်ထောက်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး Theerachai Dedkad က ပြောသည်။

စက်တင်ဘာလ (၂၇) ရက်နေ့တွင် Peerasin က ငရုတ်သီးများ တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားကို မောင်းနှင်းလာစဥ် Komsan က အမျိုးသားမိတ်ဆွေတစ်ဦးနှင့်အတူ မောင်းနှင်လာသော Honda sedan ကားနှင့် တိုက်မိခဲ့ကြခြင်း ဖြစ်သည်။ 

ထို့နောက် Komsan က ပစ်ကပ်ထရပ်ကားကို ပုလင်းတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာ Peerasin က မည်သည့်အတွက် ထိုသို့လုပ်ကြောင်း မေးမြန်းရန် ကားမှန်ချလိုက်ပြီး ဗီဒီယိုရိုက်ရန် ၎င်း၏ မိုဘိုင်းဖုန်းကို ယူလိုက်သည်ဟု ဆိုသည်။ 

ထိုအချိန်တွင် ဒုတိယ ပုလင်းတစ်လုံးဖြင့် ထပ်မံပစ်ပေါက်ခဲ့ရာ ဖုန်းကို ထိမှန်ခဲ့ကြောင်း သိရသည်။

Peerasin က ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း Komsan နှင့် ၎င်း၏မိတ်ဆွေတို့က ကားထဲမှထွက်လာပြီး သံလက်သီးကွင်းများဖြင့် မျက်နှာကို အကြိမ်ကြိမ် ထိုးကြိတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

ထိုသို့ ထိုးကြိတ်ခံရမှုကြောင့် Peerasin မှာ နှာခေါင်းရိုးနှင့် သွားသုံးချောင်း ကျိုးခဲ့ရသည်ဟု ထိုင်းသတင်းစာ Matichon က ဖော်ပြထားသည်။

Peerasin ၏ ထွက်ဆိုမှုအရ ဒဏ်ရာအနာတရ ဖြစ်ခဲ့ရမှုအတွက် ၎င်းကို နစ်နာကြေး ဘတ် (၉) သန်းပေးရန် တောင်းဆိုမှုကို Komsan က ငြင်းပယ်ခဲ့ကြောင်းနှင့် အလေးအနက်ထားပုံမရသည့် တောင်းပန်ခြင်းသာ လုပ်နိုင်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင်မူ Peerasin က ပြစ်မှုကျူးလွန်းရန် ရဲစခန်းသို့ ရောက်လာခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်နေရာမှ မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ Peerasin က အမှုစစ်အရာရှိကို  နှုတ်ဆက်စကားပြောခဲ့ပြီးနောက် တောင်းပန်ကြောင်းပြောပြီး ပစ္စတိုသေနတ်ဆွဲထုတ်ကာ Komsan ကို (၈) ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ရဲစခန်းအတွင်းသို့ အရပ်သားတစ်ဦးက သေနတ်တစ်လက် မည်သို့ ယူဆောင်လာနိုင်ခဲ့ကြောင်း မေးမြန်းခဲ့ရာ ရဲဗိုလ်မှူးကြီး Theerachai က နှစ်ဘက်လုံးက ၎င်းတို့၏ရှေ့နေများနှင့် မိသားစုများနှင့်အတူ လာရောက်ခဲ့ကြခြင်းဖြစ်ပြီး အကြမ်းဖက်မည့်လက္ခဏာ မရှိ၍ တင်းတင်းကြပ်ကြပ် ရှာဖွေစစ်ဆေးမှု မပြုခဲ့ဟု ဆိုသည်။

Source: Bangkok Post