ယူကရိန်း - ရုရှား စစ်ပွဲ ရှည်ကြာနိုင်ကြောင်း ပူတင်က ဝန်ခံလိုက်ပြီး နျူကလီးယားစစ်ပွဲအန္တရာယ် တိုးလာနေဟုပြော

ယူကရိန်း - ရုရှား စစ်ပွဲ ရှည်ကြာနိုင်ကြောင်း ပူတင်က ဝန်ခံလိုက်ပြီး နျူကလီးယားစစ်ပွဲအန္တရာယ် တိုးလာနေဟုပြော
ဒီဇင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းနိုင်ငံတွင် ၎င်း၏စစ်တပ်က အချိန်ရှည်ကြာ တိုက်ခိုက်နေရ နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝန်ခံပြောကြားလိုက်သည်။ 

ရုရှားသမ္မတပူတင်က ပြီးခဲ့သည့် (၉) လတွင် ၎င်းစတင်ခဲ့သော စစ်ပွဲနှင့်ပတ်သက်၍ အချိန်ကြာမြင့်နိုင်မှုအပေါ် ရှားရှားပါးပါး ထုတ်ဖော်ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းအားသစ္စာခံသူများနှင့် ဒီဇင်ဘာလ (၇) ရက်နေ့က ပြုလုပ်ခဲ့သည့် အွန်လိုင်းအစည်းအဝေးတွင် ပူတင်က စစ်ပွဲရှည်ကြာနိုင်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။ 

ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုနှင့် အနောက်အုပ်စုမှ လက်နက်အထောက်အပံ့များ တိုးမြှင့်ပေးလာမှုတို့နှင့်အတူ ဇူလိုင်လမှစပြီး ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ရုရှားတပ်ဖွဲ့များ သိသိသာသာ ဆက်တိုက် ဆုတ်ခွာနေရသည်။

ရုရှားတပ်ဖွဲ့များမှာ ကျူးကျော်မှုအစပိုင်းတွင် ၎င်းတို့သိမ်းပိုက်ခဲ့သည့် အဓိကကျသည့် နေရာများကိုလည်း မကြာသေးမီက လက်လွှတ်ခဲ့ရသည်။ 

ရုရှားက ယူကရိန်း၏ အနောက်အုပ်စုနှင့် ဆက်ဆံရေးနက်ရှိုင်းလာခြင်းက ၎င်းအတွက် လုံခြုံရေးခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောဆိုပြီး ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် အထူးစစ်ဆင်ရေးဟု အမည်တပ်ကာ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။

ယူကရိန်းနှင့် မဟာမိတ်များက ရုရှား၏ကျူးကျော်မှုမှာ နယ်ချဲ့ဆန်ဆန် နယ်မြေသိမ်းယူဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ 

ရုရှားသမ္မတပူတင်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် စစ်ဆင်ရေးမှာ အလျင်အမြန် ပြီးဆုံးမည်ဟု ကနဦးတွင် တွက်ဆထားခဲ့သော်လည်း ထိုသို့ ဖြစ်မလာဘဲ ယူကရိန်း၏ အပြင်းအထန် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်ကို ၎င်း၏တပ်ဖွဲ့များ ရင်ဆိုင်နေရသည်။

ထို့နောက်တွင် ရုရှားတပ်ဖွဲ့များက ယူကရိန်း၏ လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှုကဲ့သို့ အရပ်ဘက် အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်လာပြီး ဆောင်းရာသီကာလတွင် ယူကရိန်းပြည်သူများ အအေးဒဏ်ကြောင့် အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခဲ့သည်။

 ရုရှားက စွမ်းအင်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်မှုကြောင့် ကိဗ်မြို့တော်အပါအဝင် ယူကရိန်းနိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဆိုးရွားစွာ ကြုံတွေ့နေကြရသည်။

စစ်ပွဲနှင့်ပတ်သက်၍ ပူတင်က ဒီဇင်ဘာလ (၇) ရက် အစည်းအ‌ဝေးတွင် ပြောကြားရာ၌ နျူကလီးယားစစ်ပွဲအန္တရာယ် တိုးလာနေကြောင်းလည်း ထည့်သွင်းပြောခဲ့သည်။ 

ယူကရိန်းကို ထောက်ခံကြသည့် အနောက်အုပ်စုနိုင်ငံများ စစ်ပွဲတွင် နောက်ထပ် ပါဝင်ပတ်သက်မှုကို ဟန့်တားရန် ရုရှားသမ္မတက နျူကလီးယားစစ်ပွဲ သတိပေးမှုများ ဆက်တိုက် ပြောဆိုနေခဲ့သည်။ 

သို့သော် ရုရှားအနေဖြင့် နျူကလီးယားလက်နက်သုံးရန် အဆင်အခြင်မဲ့ ခြိမ်းခြောက်လိမ့်မည်မဟုတ်ဟုလည်း ဆိုသည်။

"ကျွန်တော်တို့ မရူးသေးပါဘူး။ နျူကလီးယားလက်နက် ဘာလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့မှာ အခြား နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ဘယ်နိုင်ငံထက်မဆို ပိုအဆင့်မြင့်ပြီး ခေတ်မီတဲ့ နျူကလီးယားလက်နက်တွေရှိပါတယ်။ ဒါပေမဲ့ ဒီလက်နက်တွေနဲ့ ကမ္ဘာတဝန်းကို ကျွန်တော်တို့ ခြိမ်းခြောက်သွားမှာ မဟုတ်ပါဘူး" ဟု ပူတင်က ပြောသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းက ယူကရိန်းစစ်ပွဲအတွက် ခေါ်ယူခဲ့သည့် အရန်တပ်ဖွဲ့ဝင် (၃၀၀,၀၀၀) အနက်မှ (၁၅၀,၀၀၀) ခန့်ကို ယူကရိန်းတွင် ဖြန့်ကျချထားကြောင်းနှင့် တပ်ဖွဲ့ဝင် (၇၇,၀၀၀) မှာ တိုက်ခိုက်ရေးတွင် ပါဝင်နေကြကြောင်းလည်း ပူတင်ကဆိုသည်။ 

ကျန်ရှိသည့် အရန်တပ်ဖွဲ့ဝင် (၁၅၀,၀၀၀) မှာ လေ့ကျင့်ရေးစခန်းများတွင်ရှိနေဆဲဟု သိရသည်။

Source: Reuters, CNN

Photo: REUTERS/Yevhen Titov, REUTERS/Stringer,