ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲများကို ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ်  သဲကန္တာရမြို့တွင် လက်ခံ ကျင်းပမည်

ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲများကို ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ်  သဲကန္တာရမြို့တွင် လက်ခံ ကျင်းပမည်
အောက်တိုဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဆော်ဒီအာရေဗီးယားနိုင်ငံက သဲကန္တာရအတွင်း အမေရိကန်ဒေါ်လာ (၅၀၀) ဘီလီယံ အကုန်အကျခံ တည်ဆောက်နေသည့် ၎င်း၏ ခေတ်မီမြို့ကြီးတစ်မြို့တွင် ၂၀၂၉ ခုနှစ် ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အောက်တိုဘာလ (၄) ရက်နေ့က ရွေးချယ်ခံရသည်။ 

"ဆော်ဒီအာရေဗီးယားရဲ့ သဲကန္တာရနဲ့ တောင်တန်းတွေက မကြာမီမှာ ဆောင်ရာသီအားကစားအတွက် ကစားကွင်းတွေ ဖြစ်လာပါမယ်" ဟု အာရှအိုလံပစ်ကောင်စီ Olympic Council of Asia (OCA) က ထုတ်ပြန်ချက်တွင် ပြောထားသည်။

OCA ၏ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေညီလာခံအတွင်း ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲ Asian Winter Games ၏ အိမ်ရှင်နိုင်ငံအဖြစ် ဆော်ဒီကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 

ဆော်ဒီက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ပြုရန် လျှောက်ထားမှုကို OCA က တညီတညွတ်တည်း သဘောတူလိုက်ကြောင်း သိရသည်။

OCA ဆုံးဖြတ်ချက်အရ NEOM ဟု သိထားကြသည့် ဆော်ဒီ၏ ခေတ်မီဆန်ပြားသည့် သဲကန္တရာမြို့မှာ ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် ပထမဆုံး အနောက်အာရှမြို့ ဖြစ်လာမည် ဖြစ်သည်။ 

၂၀၁၇ ခုနှစ်က စတင်ကြေညာခဲ့စဥ် ပျံသန်းမောင်းနှင်သည့် အငှားကားများနှင့် စက်ရုပ်အိမ်အကူများကဲ့သို့ နည်းပညာမြင့် ဝန်ဆောင်မှုများ ပါဝင်ခဲ့ရာ အံ့အားသင့်ခဲ့ကြရပြီး ဗိသုကာပညာရှင်များနှင့် စီးပွားရေးပညာရှင်များက ဖြစ်နိုင်ခြေအပေါ် မေးခွန်းထုတ်ခဲ့ကြသည်ဟု ဆိုသည်။

ဇူလိုင်လအတွင်း ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က NEOM မြို့အတွင်း The Line ဟု ခေါ်သည့် စီမံကိန်းတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ 

The Line စီမံကိန်းမှာ (၁၀၅) မိုင်ရှိသော တောင်တန်းနှင့် သဲကန္တရာပေါ်တွင် မှန်များဖြင့်ကာရံထားသည့် မိုးမျှော်တိုက် (၂) လုံးကို တည်ဆောက်မည်ဖြစ်သည်။ 

ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲများကို NEOM မြို့၏ Trojena ဧရိယာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထိုဧရိယာမှာ ဆောင်းရာသီတွင် အပူချိန် သုညဒီဂရီဆဲလ်စီးယပ်အောက်သို့ ကျဆင်းပြီး တစ်နှစ်ပတ်လုံး အပူချိန်မှာ အခြားနေရာများထက် (၁၀) ဒီဂရီဆဲလ်စီးယပ် ပိုအေးကြောင်း သိရသည်။

၂၀၂၆ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်း ပြီးစီးမည်ဖြစ်သည့် Trojena ဧရိယာတွင် တစ်နှစ်ပတ်လုံး စကိတ် စီးနိုင်သည့်နေရာ၊ လူလုပ်ရေချိုးကန်၊ အပန်းဖြေ တောင်ပေါ်သစ်လုံးအိမ်၊ စံအိမ်ကြီးများနှင့် အထူးအဆင့်မြင့် ဇိမ်ခံဟိုတယ်များ ပါရှိကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က NEOM မြို့ကြီး တည်ဆောက်ရေးဘုတ်အဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

Source: AFP

Photo: NEOM, REUTERS/Phil Noble, Olympic Council of Asia,