ရုရှားလေတပ်စခန်း (၂) ခု၌ ပေါက်ကွဲမှုများ ဖြစ်ပွားပြီး သေဆုံးဒဏ်ရာရမှုများရှိ

ရုရှားလေတပ်စခန်း (၂) ခု၌ ပေါက်ကွဲမှုများ ဖြစ်ပွားပြီး သေဆုံးဒဏ်ရာရမှုများရှိ
ဒီဇင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံတွင် စစ်ဘက်လေယာဥ်ကွင်း (၂) ခု၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

မော်စကိုမြို့တော်၏ အရှေ့တောင်ဘက် Ryazan မြို့အနီးရှိ စစ်ဘက်လေယာဥ်ကွင်းတွင် လောင်စာဆီတင်ယာဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားအစိုးရမီဒီယာက ပြောသည်။

ထို့အတူ Saratov နယ်မြေရှိ စစ်ဘက်လေယာဥ်ကွင်းတစ်ခုတွင်လည်း ပေါက်က်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်ထပ် လူ (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရုရှားသတင်းများက ဖော်ပြသည်။ 

စစ်ဘက်လေယာဥ်ကွင်း (၂) ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။ 

ထိုလေယာဥ်ကွင်းများတည်ရှိရာ နေရာနှစ်ခုလုံးမှာ ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ရာနှင့်ချီ ဝေးကွာကြောင်း သိရသည်။

ရုရှားစစ်တပ်၏ မဟာဗျူဟာမြောက် ခရီးရည်ပျံသန်းနိုင်သည့် ဗုံးကြဲလေယာဥ်များမှာ Saratov နယ်မြေရှိ Engels လေတပ်အခြေစိုက်စခန်းတွင် အခြေစိုက်ထားရှိသည်ဟု ယူဆထားကြသည်။ 

လုံခြုံရေးတပ်ဖွဲ့များက စစ်တပ်အခြေစိုက်စခန်းများတွင် မတော်တဆမှုဖြစ်ပွားကြောင်း သတင်းများကို စစ်ဆေးနေသည်ဟု Saratov နယ်မြေ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုပေါက်ကွဲမှုများကို ယူကရိန်းက နောက်ကွယ်မှ စီစဥ်လုပ်ဆောင်သည်ဟု ခန့်မှန်းနေကြသော်လည်း  ယူကရိန်းဘက်က တရားဝင် မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ရုရှားစစ်ဘက်လေယာဥ်ကွင်း (၂) ခုတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် နျူကလီးယား ဗုံးကြဲလေယာဥ် (၂) စီး ပျက်စီးခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ဒီဇင်ဘာလ (၄) ရက်နေ့ ဂြိုဟ်တုဓာတ်ပုံများအရ Engles လေတပ်အခြေစိုက်စခန်းတွင် ရုရှားဗုံးကြဲလေယာဥ် အများအပြားကို မြင်တွေ့ရသည်။ 

ထိုလေယာဥ်များမှာ မဟာဗျူဟာမြောက် Tu-160 နှင့် Tu-95 အမျိုးအစား ဗုံးကြဲလေယာဥ်များဖြစ်ပြီး ယူကရိန်းကို တိုက်ခိုက်နေသည့် လက်နက်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် ခရုစ်ဒုံးကျည်များကို ပစ်လွှတ်နိုင်ကြောင်း သိရသည်။

Source: BBC