Spider-Man ဖြစ်ရန် ပင့်ကူနက် အကိုက်ခံခဲ့သည့် (၈) နှစ်အရွယ် ကလေးတစ်ဦး ဆေးရုံရောက်သွား 

Spider-Man ဖြစ်ရန် ပင့်ကူနက် အကိုက်ခံခဲ့သည့် (၈) နှစ်အရွယ် ကလေးတစ်ဦး ဆေးရုံရောက်သွား 
သြဂုတ် 26, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဘိုလီးဗီးယားနိုင်ငံတွင် အသက် (၈) နှစ်အရွယ် ‌ယောက်ျားလေးတစ်ဦးမှာ ၎င်းအကြိုက်ဆုံး စူပါဟီးရိုး စပိုက်ဒါမန်း (Spider-Man) ကဲ့သို့ ဖြစ်လာစေရန်ဟုဆိုကာ အန္တရာယ်ရှိသော ပင့်ကူနက် အကိုက်ခံခဲ့ပြီးနောက် ဆေးရုံရောက်သွားခဲ့သည်။ 

ဘိုလီးဗီးယား အလယ်ပိုင်းရှိ Oruro မြို့အနီး Vichuloma နယ်မြေတွင် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စပိန်သတင်းဌာန EFE နှင့် bolivia.com တို့ကို ကိုးကား၍ Newsweek မဂ္ဂဇင်း၏ ဝက်ဘ်ဆိုက်က  ဖော်ပြထားသည်။

မီဒီယာများတွင် အမည်ဖော်ပြမထားသော (၈) နှစ်သားလေးက အိမ်အနီးအနားရှိ မြစ်အနီး ဆော့ကစားနေစဥ် ကျောက်တုံးကြီးတစ်တုံး၏ အောက်ခြေကို တူးဆွခဲ့ပြီး ပင်ကူနက် (black widow spider) တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုကောင်လေးက အဆိပ်ပြင်း ပင့်ကူနက် အကိုက်ခံရခြင်းကြောင့် အကျိုးဆက်များကို သတိမမူဘဲ ပင့်ကူကိုဆွဲယူ၍ အကိုက်ခံရစေရန် ရည်ရွယ်ပြီး ၎င်း၏လက်ဖမိုးပေါ်တွင် တင်လိုက်သည်။

၎င်း ရည်ရွယ်သည့်အတိုင်း ပင့်ကူနက် အကိုက်ခံခဲ့ရပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ 

အိမ်သို့ပြန်ရောက်ချိန်တွင် ခန္ဓာကိုယ် ကိုက်ခဲခြင်းနှင့် အကြောဆွဲခြင်းကဲ့သို့ လက္ခဏာများ စတင်ဖြစ်ပေါ်လာခဲ့သည်။

ကနဦးတွင် (၈) နှစ်သား ကောင်လေးက ၎င်း၏ မိခင်ကို ပင်ကူနက် အကိုက်ခံခဲ့ရသည့်အကြောင်း ထုတ်မပြောခဲ့သော်လည်း အပြင်းအထန် ခံစားနေရပြီးနောက် (၃) နာရီခန့်အကြာတွင် ပင့်ကူတစ်ကောင် အကိုက်ခံခဲ့ရကြောင်း ဖွင့်ပြောခဲ့သည်။

စိုးရိမ်တကြီးဖြစ်နေသူ မိခင်က ၎င်းကို ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သော်လည်း အရေးပေါ် အခြေအနေဖြစ်နေရာ နောက်ဆုံးတွင် Oruro မြို့ရှိ Hospital General San Juan de Dios အထွေထွေဆေးရုံသို့ လွှဲပြောင်းခဲ့ရသည်။

 

ထို့နောက် မည်သည့် ပင့်ကူအမျိုးအစား အကိုက်ခံခဲ့ရကြောင်း သိရှိနိုင်ရန် ကျွမ်းကျင်သူထံမှ အကူအညီယူခဲ့ရသည်။

ကလေးကို မေးမြန်းမှုများအရ စပိုက်ဒါမန်းဖြစ်လာစေရန် ပင်ကူနက်ကို ကောက်ယူပြီး လက်ပေါ်တင်ကာ အကိုက်ခံခဲ့ကြောင်း သိရှိရမှုကြောင့် အလွန် စိုးရိမ်ခဲ့ကြောင်း Oruro ကျန်းမာရေးဌာန၏ Zoonotic Diseases Program အကြီးအကဲ Ernesto Vasquez က ပြောသည်။ 

(၈) နှစ်သားလေး၏ မိခင်ကလည်း သားဖြစ်သူမှာ စပိုက်ဒါမန်း ပရိသတ်အကြီးစားဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သို့သော် Marvel စူပါဟီးရိုးကဲ့သို့ အမှန်တကယ် ဖြစ်လာစေရန် ယခုကဲ့သို့ အလွန်အန္တရာယ်ရှိသည့် လုပ်ရပ်တစ်ခုခုကို လုပ်နိုင်မည်ဟု မသိခဲ့ကြောင်း မိခင်က ဆိုသည်။ 

ကံကောင်းစွာဖြင့်ပင် ပင့်ကူအမျိုးအစားကို ဖော်ထုတ်သိရှိပြီးနောက် ဆရာဝန်များက စပိုက်ဒါမန်း ဖြစ်ချင်သော ကောင်လေးကို အဆိပ်ဖြေဆေးပေးခဲ့ပြီးနောက် မိနစ် (၃၀) ကြာတွင် ၎င်း၏ အခြေအနေ တည်ငြိမ်စပြုလာခဲ့သည်။

ယခု ကလေးကဲ့သို့ပင် အလွန်ဆင်တူသော ဖြစ်ရပ်မျိုး ဘိုလီးဗီးယားတွင် ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ဖူးသည်။ 

ထိုစဥ်ကလည်း Chayanta မြို့မှ ယောက်ျားလေး (၃) ဦးက စပိုက်ဒါမန်း ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပင့်ကူနက် အကိုက်ခံခဲ့ကြကြောင်း သိရသည်။ 

ပင့်ကူနက်များမှာ အဆိပ်ရှိသော မျိုးစိတ်များ ဖြစ်သည်။

#TachileikNewsAgency

Source: Newsweek