အီရန်နိုင်ငံတွင် အမျိုးသမီးများ ပဝါခြုံရသည့် စည်းမျဥ်းဥပဒေကို အာဏာပိုင်များ ပြန်သုံးသပ်နေ

အီရန်နိုင်ငံတွင် အမျိုးသမီးများ ပဝါခြုံရသည့် စည်းမျဥ်းဥပဒေကို အာဏာပိုင်များ ပြန်သုံးသပ်နေ
ဒီဇင်ဘာ 3, 2022 | နိုင်ငံတကာသတင်း
By Mr John

အီရန်နိုင်ငံ၏ လွှတ်တော်နှင့် တရားစီရင်ရေးဌာနတို့က အမျိုးသမီးများ ၎င်းတို့၏ ဦးခေါင်းကို ဖုံးအုပ်ထားရန် လိုအပ်သည့် စည်းမျဥ်းဥပဒေတစ်ရပ်ကို ပြန်လည် သုံးသပ်နေကြောင်း အီရန်ရှေ့နေချုပ်က ပြောသည်။ 

အီရန်တွင် ထိုဥပဒေအရ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရာမှ ဆန္ဒပြမှုများ ဖြစ်ပွားနေမှု (၂) လကျော်လာပြီဖြစ်ပြီး လူရာနှင့်ချီ သေဆုံးခဲ့သည်။

အသက် (၂၂) နှစ်အရွယ် ကာဒစ်မျိုးနွယ် Masha Amini အမည်ရှိ အမျိုးသမီးမှာ ဟီဂျဘ် ခေါ် ဦးခေါင်းကို ပဝါခြုံရသည့် စည်းမျဥ်းဥပဒေ ချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံထားရစဥ် စက်တင်ဘာလ (၁၆) ရက်နေ့က သေဆုံးသွားခဲ့ပြီးနောက် အီရန်နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြုံစဖူး ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်ကြသည့် အမျိုးသမီးများက ၎င်းတို့၏ ဦးခေါင်းခြုံပဝါများကို မီးရှို့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ 

Masha Amini သေဆုံးမှု ဖြစ်ရပ်နောက်ပိုင်းမှစပြီး အထူးသဖြင့် ခေတ်ဆန်သည့် တီဟီရန်မြို့တော် မြောက်ပိုင်းတွင် ဟီဂျဘ်ကို ဂရုမစိုက်သည့် အမျိုးသမီးအရေအတွက် တိုးလာနေကြောင်းလည်း သိရသည်။

အီရန်တွင် အမေရိကန်ကျောထောက်နောက်ခံပြု ဘုရင်စနစ်ကို ဖြုတ်ချခဲ့သည့် ၁၉၇၉ ခုနှစ် တော်လှန်ရေးအပြီး (၄) နှစ်အကြာ ၁၉၈၃ ခုနှစ် ဧပြီလအတွင်း အမျိုးသမီးများ အားလုံး မဖြစ်မနေ ဟီဂျဘ် (hijab) ခေါ် ဦးခေါင်းကို ပဝါခြုံ ဖုံးအုပ်ထားရမည့် စည်းမျဥ်းဥပဒေထုတ်ခဲ့ခြင်း ဖြစ်သည်။

 "ဥပဒေကို တစ်စုံတရာ ပြောင်းလဲဖို့ လိုအပ်မလားဆိုတာ လွှတ်တော်နဲ့ တရားစီရင်ရေးဌာန နှစ်ခုလုံးက ပြန်သုံးသပ်နေပါတယ်" ဟု အီရန်ရှေ့နေချုပ် မိုဟမ်မက်ဂျက်ဖာမွန်တာဇာရီက ပြောသည်။

ရှေ့နေချုပ်၏ ပြောကြားမှုကို  ISNA သတင်းဌာနက ဒီဇင်ဘာလ (၂) ရက်နေ့တွင် ကိုးကားဖော်ပြခဲ့ပြီး ဟီဂျဘ်ဥပဒေတွင် မည်သည့်အပြောင်းအလဲ ဖြစ်နိုင်သည်ကိုမူ ၎င်းက မပြောခဲ့ဟု ဆိုသည်။ 

ဥပဒေပြန်လည်သုံးသပ်ရေးအဖွဲ့က နိုဝင်ဘာလ (၃၀) ရက်နေ့တွင် လွှတ်တော်၏ ယဥ်ကျေးမှုဆိုင်ရာကော်မရှင်နှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းနှင့် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း အစည်းအဝေးရလဒ်ကို သိနိုင်မည်ဟု မွန်တာဇာရီက ပြောသည်။

ဦးခေါင်းကို ပဝါမခြုံမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဥ် Masha Amini သေဆုံးမှုဖြစ်ရပ်အပေါ် အီရန်နိုင်ငံအနှံ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြုံစဖူး အပြင်းအထန် ပေါ်ပေါက်နေခဲ့သည်။ 

လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ယခုအချိန်အထိ ကလေး (၈၀) ဦး အပါအဝင် အနည်းဆုံး လူ (၄၅၀) သေဆုံးခဲ့ကြောင်း‌ နော်‌ဝေနိုင်ငံအခြေစိုက် Iran Human Rights (IHR) လူ့အခွင့်အရေးအုပ်စုက ပြောသည်။ ဆန္ဒပြမှုများအတွင်း ကလေးများအပါအဝင် လူ (၁၈,၀၀၀) ကျော် ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကာတာနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှ အီရန်ဘောလုံးအသင်း ရှုံးနိမ့်ထွက်ခွာခဲ့ရမှုကို အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက အောင်ပွဲခံခဲ့ကြသည်။ 

နိုဝင်ဘာလ (၂၉) ရက် ညပိုင်းက အီရန်မြို့တော် တီဟီရန်မြို့နှင့် အခြား မြို့များတွင် လူအများ လမ်းပေါ်ထွက် ကခုန်ခဲ့ကြပြီး ကားဟွန်းများတီးကာ အောင်ပွဲခံခဲ့ကြသည်ကို တွေ့ရသည်။ 

အီရန်မြောက်ပိုင်း Bandar Anzali မြို့တွင်မူ အမျိုးသားတစ်ဦး ကားဟွန်းတီးပြီး အောင်ပွဲခံခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

Sourec: Bangkok Post

Photo:  EPA/ABEDIN TAHERKENAREH, Getty Images, AFP, STR/AFP VIA GETTY IMAGES