တရုတ်နိုင်ငံအလယ်ပိုင်းတွင် အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ အနည်းဆုံး လူ (၂၃) ဦး အပျက်အစီးများအောက် ပိတ်မိနေကြောင်း အစိုးရတာဝန်ရှိသူတွေက ဧပြီ (၃၀) ရက်နေ့တွင် ပြောသည်။
ဟူနန် ပြည်နယ် Changsha မြို့ရှိ ထိုအဆောက်အအုံတွင် ဟိုတယ်တစ်ခု၊ လူနေအိမ်ခန်းများနှင့် ရုပ်ရှင်ရုံတစ်ရုံ ပါဝင်ပြီး ဧပြီ (၂၉) ရက် မွန်းလွဲပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်သည်။
အဆောက်အအုံ ပြိုကျခဲ့ပြီးနောက် အခြား လူ (၃၉) ဦး ပျောက်ဆုံးနေကြောင်းလည်း Changsha မြို့တော်ဝန်က ပြောသည်။
အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများမှာ အဆောက်အအုံ အပျက်အစီးများအောက်တွင်ရှိနိုင်သည်ဟု အာဏာပိုင်တွေက ယုံကြည်ထားခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရကြောင်း AFP သတင်းက ဖော်ပြသည်။
"ပျောက်ဆုံးနေသူတွေရဲ့ အခြေအနေကိုသိရဖို့ နောက်ထပ် စုံစမ်းနေပါတယ်" ဟု မြို့တော်ဝန် Zheng Jianxin က ပြောသည်။
မြို့အာဏာပိုင်တွေက ဧပြီ (၃၀) ရက် နှောင်းပိုင်းအထိ သေဆုံးဒဏ်ရာရမှု အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ လူငါးဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
မီးသတ်သမားတွေက မြေတူးစက်တစ်ခုနှင့်အတူ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေပြီး အသက်ရှင်ကျန်သူများနှင့် အဆက်အသွယ်ရရှိရန် အော်ခေါ်နေခဲ့သည်ကို နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ပြသခဲ့သည်။
ထို့အတူ ကယ်ဆယ်ရေးသမားများက တန်းစီထားပြီး အုတ်ကျိုးအုတ်ပဲ့တွေကို လက်ဆင့်ကမ်းသယ်ဆောင် ဖယ်ရှားနေခဲ့တာကိုလည်း တွေ့ရသည်။
တရုတ်နိုင်ငံတွင် အဆောက်အအုံ အရည်အသွေး စံချိန်စံညွှန်းနှင့် ပတ်သက်ပြီး ကြပ်မတ်ဆောင်ရွက်ရသည့် အစိုးရတာဝန်ရှိသူများကြား အဂတိလိုက်စားခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများ အားနည်းမှုတို့ကြောင့် အဆောက်အအုံနှင့်ပတ်သက်သည့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။
ဇန်နဝါရီလအတွင်း Chongqing မြို့တွင် ဂက်စ်ယိုစိမ့်မှုကြောင့်ဟု သံသယရှိရသည့် ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး လူတစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန်လအတွင်းကလည်း Shiyan မြို့တွင် လူနေအိမ်ရာဝင်းတစ်ခု၌ ဂက်စ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ (၂၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုလအတွင်းမှာပင် ကိုယ်ခံပညာသင်တန်းကျောင်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် လူ (၂၈) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပြီး သေဆုံးသူများမှာ ထိုကျောင်းတွင် တက်ရောက်နေသည့် သင်တန်းသားများဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
Source: AFP