ယူကရိန်းစစ်ပွဲအရေး အမေရိကန်နှင့်ရုရှား ထောက်လှမ်းရေးအကြီးအကဲများ တူရကီတွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး

ယူကရိန်းစစ်ပွဲအရေး အမေရိကန်နှင့်ရုရှား ထောက်လှမ်းရေးအကြီးအကဲများ တူရကီတွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နှင့်ရုရှား ထောက်လှမ်းရေးအကြီးအကဲများ တူရကီနိုင်ငံတွင် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ယူကရိန်းတွင် ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုနှင့် အမေရိကန်အကျဥ်သားများကို ရုရှားက မတရား ဖမ်းဆီးထိန်းသိမ်းထားမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

အမေရိကန် CIA ညွှန်ကြားရေးမှူး Williams Burns နှင့် ရုရှားထောက်လှမ်းရေး Foreign Intelligence Service (SVR) အကြီးအကဲ Sergei Naryhkin တို့က တူရကီနိုင်ငံ အန်ကာရာမြို့တော်တွင် နိုဝင်ဘာလ (၁၄) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှုကို အမေရိကန်ဘက်က စတင်ခဲ့သည်ဟု ရုရှားအစိုးရက ပြောသည်။ 

ထောက်လှမ်းရေးအကြီးအကဲနှစ်ဦး တွေ့ဆုံမှုမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့်ရုရှား နှစ်နိုင်ငံ တာဝန်ရှိသူများကြား အဆင့်အမြင့်ဆုံး လူသိရှင်ကြား တွေ့ဆုံမှုလည်း ဖြစ်လာသည်။ 

၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ရုရှားစကားပြောတတ်သူ Williams Burns က ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း မဟုတ်ကြောင်း အိမ်ဖြူတော်က ပြောသည်။

CIA အကြီးအကဲ၏ သတင်းစကားမှာ ရုရှားက နျူကလီးယားလက်နက်သုံးခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များနှင့် ဗျူဟာမြောက်တည်ငြိမ်မှုအတွက် အန္တရာယ်တိုးမြင့်လာတို့ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဆိုသည်။ 

ရုရှားက ယူကရိန်းတွင် နျူကလီးယားလက်နက်သုံးနိုင်ကြောင်း အရိပ်အမြွက် ခြိမ်းခြောက်မှုများရှိလာပြီးနောက် အမေရိကန်က နျူကလီးယားလက်နက်သုံးခြင်းနှင့် ပတ်သက်၍ မကြာသေးမီ လများအတွင်း အကြိမ်ကြိမ် သတိပေးနေခဲ့သည်။

အမေရိကန် CIA နှင့် ရုရှား SVR အကြီးအကဲနှစ်ဦး တွေ့ဆုံဆွေးနွေးမှုကို တူရကီသမ္မတ Tayyip Erdogan ၏ ပြောခွင့်ရအမျိုးသားက အတည်ပြုခဲ့သည်။ 

ဖေဖေါ်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း တူရကီက ရုရှားနှင့် အနောက်အုပ်စု နိုင်ငံများကြား အရေးပါသည့် ကြားဝင်ဆောင်ရွက်သူ ဖြစ်လာသည်။ 

ထိုအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်သည် G20 ထိပ်သီးအစည်းအဝေး မတိုင်မီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လူချင်းတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နျူကလီးယားလက်နက်များကို ယူကရိန်းတွင် အပါအဝင် မည်သည့်အခါမျှ အသုံးမပြုသင့်ကြောင်း သဘောတူညီခဲ့ကြကြောင်း သိရသည်။

Source: BBC