ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ သတိထားကြရန် ကျွမ်းကျင်သူများက သတိပေး

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ သတိထားကြရန် ကျွမ်းကျင်သူများက သတိပေး
By Mr John

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ မျိုးဗီဇသစ်နှင့် ပတ်သက်၍ သတိထားကြရန် ကျွမ်းကျင်သူများက သတိပေးထားကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်၏ ဆေးပညာဌာနမှ ရောဂါပိုးမွှားဗေဒ ပညာရှင် ဒေါက်တာ Yong Poovorawan က မျောက်ကျောက်ရောဂါ မျိုးဗီဇသစ်ကို သတိထားကြရန် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာများကနေ အသိပေးထားခြင်း ဖြစ်သည်။ 



မျောက်ကျောက်ရောဂါ မျိုးဗီဇသစ် Clade 1b မျိုးကွဲ (Clade 1 မျိုးကွဲ) မှာ အသက်ရှူလမ်းကြောင်း အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်ပြီး အန္တရာယ်ရှိကြောင်း  နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကူးစက်ပျံ့နှံ့နေသာ Clade 1b မှာ ယခင် ထိုင်းနိုင်ငံတွင် တွေ့ရှိခဲ့သော Clade 2 မျိုးကွဲထက် ပို၍ ပြင်းထန်ကြောင်း  ဒေါက်တာ Yong Poovorawanက ပြောထားသည်။

ဒေါက်တာ Yong ၏ အဆိုအရ Clade 1b ကို ဗဟိုအာဖရိကနိုင်ငံရှိ ကလေးများနှင့် လူကြီးများ၊ အမျိုးသားနှင့် အမျိုးသမီးတွင်ပါ တွေ့ရှိခဲ့ကြောင်းနှင့် ကလေးငယ်များ သေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။ 

မျောက်ကျောက်ရောဂါ မျိုးဗီဇ Clade 1 မှာ ခန္ဓာကိုယ်ချင်း အနီးကပ် ထိတွေ့မှုနှင့် အသက်ရှူလမ်းကြောင်း အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်ရာ Clade 2 မျိုးဗီဇထက် ပို၍ ကူးစက်ပျံ့နှံ့ရန် လွယ်ကူကြောင်း ဒေါက်တာ Yong က ပြောသည်။

မျောက်ကျောက်ရောဂါ မျိုးဗီဇ Clade 2 မှာမူ ခန္ဓာကိုယ်ချင်း အနီးကပ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ခြင်း ဖြစ်ပြီး  Clade 1 နှင့် Clade 2 မျိုးဗီဇ (၂) ခုလုံးနှင့် ၎င်းတို့၏ မျိုးကွဲများက ကလေးများနှင့် လူကြီးများကို ကူးစက်နိုင်ပြီး ကျား/မ မရွေး ကူးစက်နိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ 

သို့သော် Clade 2b မျိုးဗီဇ ကူးစက်မှုများ၏ (၉၈) ရာခိုင်နှုန်းကို အမျိုးသားများတွင် တွေ့ရပြီး အထူးသဖြင့် လိင်တူချင်းဆက်ဆံသော အမျိုးသားများကြားတွင် တွေ့ရကြောင်း ဒေါက်တာ Yong က ပြောသည်။

ထိုအတောအတွင်း ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ မျိုးဗီဇ Clade 2b ကူးစက်မှု (၁၀၀) ရှိလာပြီးနောက် ရောဂါထိန်းချုပ်ရေးဌာန Department of Disease Control (DDC) က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့တွင် ရောဂါအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေများသော နေရာများတွင် အလုပ်လုပ်ကိုင်စဥ် တင်းကျပ်သော စောင့်ကြည့်ရေး အစီအမံများ အသုံးပြုရန် ဆေးရုံများနှင့် ဆက်စပ်ဌာနများကို ညွှန်ကြားထားကြောင်း DDC က ပြောသည်။ 

ထို့အတူ နိုင်ငံတကာလေဆိပ်များရှိ ရောဂါထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များ အားလုံးနှင့် နိုင်ငံတကာဆိပ်ကမ်းများ အထူးသဖြင့် ဒွန်မောင်းလေဆိပ်၊ သုဝဏ္ဏဘူမိလေဆိပ်နှင့် Laem Chabang ဆိပ်ကမ်းတို့တွင် အာဖရိကမှ ဆိုက်ရောက် ခရီးသည်များကို စစ်ဆေးရန် DDC က ညွှန်ကြားထားသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘူရွန်ဒီ၊ ကင်ညာနှင့် ယူဂန္ဓာကဲ့သို့ အာဖရိကနိုင်ငံများတွင် မျောက်ကျောက်ရောဂါ (mpox/monkeypox) ကူးစက်ဖြစ်ပွားမှု အများအပြား တွေ့ရှိလာရပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက မျောက်ကျောက်ရောဂါကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ public health emergency of international concern (PHEIC) အဖြစ် မကြာသေးမီက ကြေညာခဲ့သည်။ 

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန၏ အဆိုအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်းတွင် မျောက်ကျောက်ရောဂါ မျိုးဗီဇ Clade 1b မျိုးကွဲ ကူးစက်ခံသည့် လူနာ (၁၄,၅၂၀) ဦးရှိခဲ့ပြီး (၄၅၆) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

Source: Bangkok Post