TIME မဂ္ဂဇင်းက နှစ်စဥ် ရွေးချယ်ဖော်ပြလေ့ ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ် (၁၀၀) စာရင်းတွင် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
TIME မဂ္ဂဇင်းက ထိုစာရင်းအတွက် ရွေးချယ်ရာတွင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်တို့၏ လုပ်ရပ်များကြောင့် အကျိုးဆက်များ မည်သို့ပင်ဖြစ်စေ ကမ္ဘာတွင် အပြောင်းအလဲဖြစ်ပေါ်စေခဲ့သူများကို ရွေးချယ်ခြင်းဖြစ်ရာ လုပ်ရပ်ကောင်းများကြောင့် ကျော်ကြားသူများ ပါဝင်သလို နာမည်ဆိုးဖြင့် ကျော်ကြားသူများလည်း ပါဝင်လေ့ရှိသည်။
အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုစာရင်းတွင် ထည့်သွင်းထားခြင်းနှင့်အတူ ၎င်း၏ တပ်ဖွဲ့များက မြန်မာပြည်သူများအား လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုတို့ဖြင့် အကြမ်းဖက် နှိပ်ကွပ်နေသည်ဟုလည်း TIME က ရေးသားထားသည်။
စစ်အုပ်စုခေါင်းဆောင်က ပြီးခဲ့သည့် မတ်လ (၂၇)ရက် တပ်မတော်နေ့အခမ်းအနားတွင် ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအုပ်စုများကို ချေမှုန်းမည်ဟု ပြောဆိုခဲ့ကြောင်းလည်း TIME က ဖော်ပြထားသည်။
အာဏာသိမ်း စစ်အုပ်စု၏ တပ်ဖွဲ့များက သတ်ဖြတ်မှုကြောင့် မြန်မာပြည်သူ ထောင်နှင့်ချီ သေဆုံးခဲ့ပြီး လူဦးရေ (၁) သန်းကျော် နေရပ်စွန့်ခွာခဲ့ကြရကြောင်း TIME မဂ္ဂဇင်းက ပြောထားသည်။
မြန်မာနိုင်ငံတွင် အာဏာမသိမ်းမီကပင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမွတ်စလင်မ်များကို လူမျိုးတုဥ်းသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံရပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွင် တရားစွဲခံထားရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အပယ်ခံနိုင်ငံ ပြန်ဖြစ်လာခဲ့သည်။
ထို့အပြင် Economist Intelligence Unit ၏ ၂၀၂၂ ခုနှစ် ဒီမိုကရေစီအညွန်းကိန်း (Democracy Index) အရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဒုတိယမြောက် အာဏာရှင်အဆန်ဆုံး အုပ်ချုပ်မှုစနစ် ကျင့်သုံးသည့်နိုင်ငံ ဖြစ်လာခဲ့သည်။
မြန်မာထက် ပို၍ဆိုးသည့် နိုင်ငံဟူ၍ တာလီဘန်စစ်သွေးကြွအုပ်စု တစ်ကျော့ပြန် အုပ်ချုပ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံသာရှိကြောင်း သိရသည်။
Source: TIME