လူ(၁၅၀)ကျော် သေဆုံးခဲ့သည့် ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှုကို ရဲတပ်ဖွဲ့က လုံလောက်သည့် တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဟု တောင်ကိုရီးယားရဲချုပ် ဝန်ခံ

လူ(၁၅၀)ကျော် သေဆုံးခဲ့သည့် ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှုကို ရဲတပ်ဖွဲ့က လုံလောက်သည့် တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဟု တောင်ကိုရီးယားရဲချုပ် ဝန်ခံ
နိုဝင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆိုးလ်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှု ဖြစ်ရပ်တွင် ရဲတပ်ဖွဲ့က လုံလောက်သည့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုမရှိခဲ့ကြောင်း တောင်ကိုရီးယားရဲချုပ်က နိုဝင်ဘာလ (၁) ရက်နေ့တွင် ဝန်ခံပြောကြားသည်။ 

ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှုကို တားဆီးရန် လုံလောက်သည့် စီမံဆောင်ရွက်မှု မရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ ပထမဆုံး ဝန်ခံပြောကြားမှုလည်း ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တာဝန်ခံမှုရှိရန် တောင်းဆိုမှုများ မြင့်တက်နေစဥ် ရဲချုပ် Yoon Hee-keun က အများပြည်သူ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အကန့်အသတ်မဲ့ တာဝန်ရှိသည်ဟု ခံစားခဲ့ရကြောင်း ပြောသည်။ 

အပြည့်အဝ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။ 

ပြည်ထဲရေးဝန်ကြီး Lee Sang-min ကလည်း လူ (၁၅၆) ဦး သေဆုံးပြီး အခြား (၁၅၂) ဦး ဒဏ်ရာရခဲ့သည့် ထိုဖြစ်ရပ်အတွက် တောင်းပန်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ် Itaewon ခရိုင် လမ်းကြိုးလမ်းကြားတစ်ခုတွင် အောက်တိုဘာလ (၂၉) ရက် ညပိုင်းက ဟောလိုးဝင်းပွဲတော်သို့ လာရောက်ကြသည့် လူအုပ်စုလဲပြိုမှု ဖြစ်ပွားခဲ့သည်။ 

COVID-19 ကပ်ရောဂါကြောင့် (၂) နှစ်ကြာ မကျင်းပခဲ့သည့် ဟောလိုးဝင်းပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ လာရောက်ဆင်နွှဲသူ (၁၀၀,၀၀၀) ကျော်အထိ များပြားခဲ့သည်။

ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှု မဖြစ်ပွားမီ ဆိုးလ်မြို့ရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်သို့ ဆက်သွယ်ခေါ်ဆိုမှု အများအပြားရှိခဲ့ပြီး လူအုပ်စုအခြေအနေကို သတိပေးခဲ့သော်လည်း ရဲတပ်ဖွဲ့က တုံ့ပြန်ဆောင်ရွက်မှုမရှိခဲ့ကြောင်း ရဲချုပ် Yoon Hee-keun က ပြောသည်။ 

ဆိုးလ်ရဲတပ်ဖွဲ့က BBC သတင်းဌာနကို ပြောကြားမှုအရ လူအုပ်စုလဲပြိုမှု ဖြစ်ရပ်မတိုင်မီ နာရီပိုင်းအလို အောက်တိုဘာလ (၂၉) ရက် ညနေ (၆) နာရီ (၃၄) မိနစ်တွင် အရေးပေါ်ဖုန်းနံပါတ်သို့ ပထမဆုံး ဆက်သွယ်ခေါ်ဆိုမှုရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နောက် (၃) နာရီခွဲအတွင်း ဟောလိုးဝင်းပွဲတော် လူအုပ်စုအခြေအနေကို သတိပေးသည့် ဖုန်းဆက်သွယ်ခေါ်ဆိုမှု (၁၀) ကြိမ်ရှိခဲ့သည်။ 

ရဲတပ်ဖွဲ့ တုံ့ပြန်ဆောင်ရွက်မှုမှာ စိတ်ပျက်စရာဖြစ်ခဲ့ကြောင်း ရဲချုပ်က ပြောသည်။ 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပြီးနောက် ရဲအရာရှိများ၏ တုံ့ပြန်ဆောင်ရွက်မှု မည်သို့ရှိခဲ့သည်ကို လျင်လျင်မြန်မြန်နှင့် အပြင်းအထန် စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။

လူအုပ်စုလဲပြိုမှု ဖြစ်ပွားခဲ့သည့် ဟောလိုးဝင်းပွဲတော်အတွက် အဓိက ပွဲစီစဥ်သူ မရှိခဲ့ခြင်းကိုလည်း တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးက နိုဝင်ဘာလ (၁) ရက်နေ့တွင် ထောက်ပြခဲ့သည်။ 

ဟောလိုးဝင်းပွဲတော်နှင့် ပတ်သက်၍ လူအုပ်စုထိန်းချုပ်ရေးနှင့် ဘေးကင်းလုံခြုံမှု စီမံခန့်ခွဲရေးအတွက် ရဲတပ်ဖွဲ့ထံ အထူးတောင်းခံမှုမရှိခဲ့ဟု ဆိုသည်။

"အဓိက ပွဲစီစဥ်သူ  မရှိဘဲ ဘယ်သူကမှ တာဝန်မယူတော့ ဥပဒေကြောင်းအရ တာဝန်ယူခိုင်းဖို့ မဖြစ်နိုင်ဘူး" ဟု အာဏာရ People's Power ပါတီမှ လွှတ်တော်အမတ် Yoo Sang-bum က ပြည်တွင်းရေဒီယိုသတင်းဌာနကို ပြောသည်။ 

စီစဥ်သူမရှိသည့် ပွဲတစ်ခုအတွက် ဘေးကင်းလုံခြုံရေး ကြိုတင်ဆောင်ရွက်ရန် ခက်ခဲခဲ့ကြောင်း ဝန်ကြီးချုပ် Han Duck-soo ကလည်း နိုင်ငံခြားမီဒီယားများနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အကြောင်းရင်းများကို သေချာစွာ စုံစမ်စစ်ဆေးပြီးမှသာ အစိုးရအနေဖြင့် တာဝန်ခံမှုကိစ္စကို ပြန်လည်သုံးသပ်သွားမည်ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။

Source: BBC, Reuters