တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် Covid-19 ပိုးရှိသူ (၁၆)ဦး ထပ်တွေ့

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် Covid-19 ပိုးရှိသူ (၁၆)ဦး ထပ်တွေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် Covid-19 ပိုးတွေ့ရှိသူ (၁၆)ဦးကို ယနေ့ ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်း ထပ်တိုးတွေ့လာ၍ မယ်ဆိုင်မြို့နယ်အတွင်းအနေဖြင့် စုစုပေါင်း အတည်ပြုလူနာ (၂၆၆)ဦးရှိ နေပြီဖြစ်ကြောင်း မယ်ဆိုင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

မယ်ဆိုင်မြို့တွင် ယနေ့ အသစ်တွေ့ရသည့် (၁၆)ဦး အပါအဝင် စုစုပေါင်း အတည်ပြုလူနာ (၂၆၆)ဦးရှိနေရာတွင် (၂၃၄)ဦးမှာ ဆေးရုံမှ ဆင်းသွားနိုင်ကြပြီဖြစ်သော်လည်း လက်ရှိတွင် (၂၉)ဦး ကုသမှု ခံယူနေပြီး သေဆုံးသူမှာ (၄)ဦး ရှိကြောင်း သိရသည်။

မယ်ဆိုင်မြို့တွင် ဇွန်လ(၂၉)ရက်နေ့က (၁)ဦး၊ ဇွန်လ(၂၈)ရက်နေ့က (၁)ဦး၊ ဇွန်လ(၂၇)ရက်နေ့က (၂)ဦး၊ ဇွန်လ(၂၆)ရက်နေ့က (၂)ဦး နှင့် ဇွန်လ(၂၅)ရက်နေ့က (၅)ဦး Covid-19 ပိုးတွေ့ရှိရာ ယနေ့ ဇွန်လ(၃၀)ရက်နေ့တွင် တစ်ပတ်အတွင်း အများဆုံးအဖြစ် (၁၆)ဦးကို တစ်နေ့တည်း တွေ့ရှိရခြင်း ဖြစ်သည်။

မယ်ဆိုင်မြို့ နှင့် တာချီလိတ်မြို့အကြားရှိ မယ်ဆိုင်ချောင်းမှ ဖြတ်သန်းလာပြီး တာချီလိတ်မှ တဆင့် ကျိုင်းတုံသို့ ပြန်လာသည့် အမျိုးသားတစ်ဦးတွင်လည်း ဇွန်လ(၂၉)ရက်နေ့က Covid-19 ပိုးတွေ့ရှိထားရသည်။

မယ်ဆိုင်မြို့အနေဖြင့် Covid-19 တားဆီးထိန်းချုပ်ရေးကို အသိပညာပေးမှုများ လုပ်ဆောင်နေသလို နယ်စပ်ချောင်းတစ်လျှောက် (၂၄)နာရီ စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။