တောင် နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံအကြား အပြန်အလှန် တုန့်ပြန်မှုများကြောင့် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်

တောင် နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံအကြား အပြန်အလှန် တုန့်ပြန်မှုများကြောင့် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်
အောက်တိုဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

 မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နယ်စပ်အနီး နှစ်နိုင်ငံ အပြန်အလှန် စစ်လေယာဥ်များ ချဥ်းကပ်ပျံသန်းမှုနှင့် ဒုံးကျည်များ ဆက်တိုက်ပစ်လွှတ်စမ်းသပ်မှု အပါအဝင်  အမြောက်ကျည်အစစ်သုံးပြီး ပစ်ခတ်လေ့ကျင့်မှုများကြောင့်  တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုအသစ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

 မြောက်ကိုရီးယား စစ်လေယာဥ်များက နယ်စပ်တစ်လျှောက် လေယာဥ် မပျံသန်းရဇုန်ကို အောက်တိုဘာလ (၁၃) ရက် ည (၁၀) နာရီခွဲနှင့် အောက်တိုဘာလ (၁၄) ရက် နံနက် (၁၂) နာရီ (၂၀) မိနစ်ကြားတွင် ချဥ်းကပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး Joint Chiefs of Staff (JCS) က ပြောသည်။

မြောက်ကိုရီးယားက ယခုနှစ်အတွင်း (၂၇) စင်းမြောက် ဒုံးကျည်အဖြစ် တာတိုပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်မှုနှင့် ရာနှင့်ချီသည့် အမြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ၎င်း၏ စစ်လေယာဥ်များကို နှစ်နိုင်ငံနယ်စပ်အနီး ပျံသန်းစေခဲ့ခြင်းလည်း ဖြစ်သည်။ 

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ အဆိုအရ မြောက်ကိုရီးယား စစ်လေယာဥ်က စစ်မဲ့ဇုန် အလယ်ဗဟိုရှိ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော နယ်နမိတ်ကန့်သတ်မျဥ်းမှ (၇.၅) မိုင်အကွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား စစ်လေယာဥ်များ နယ်စပ်သို့ ချဥ်းကပ်လာမှုကြောင့် တောင်ကိုရီးယားကလည်း ၎င်း၏ တန်ဖိုးအကြီးဆုံး F-35s အပါအဝင် တိုက်လေယာဥ်များကို အရေးပေါ် ချက်ချင်းပျံတက်စေပြီး တုံ့ပြန်ခဲ့သည်။ 

စစ်လေယာဥ်များ နှစ်နိုင်ငံနယ်စပ်အနီး ပျံသန်းမှုမှာ တောင်ကိုရီးယားက နယ်စပ်အနီး အမြောက်ကျည်အစစ် သုံးပြီး (၁၀) နာရီကြာ ပစ်ခတ်လေ့ကျင့်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားသတင်းဌာန Korean Central News Agency (KCNA) က ပြောသည်။

နှစ်နိုင်ငံနယ်စပ်မှ (၆) မိုင်အကွာတွင် အမြောက်ပစ်ခတ်မှု လေ့ကျင့်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က CNN သတင်းဌာနကို အတည်ပြုသော်လည်း ထိုကဲ့သို့သော လေ့ကျင့်မှုများကို ထိန်းချုပ်ရန် မြောက်ကိုရီးယားနှင့် သဘောတူညီချက် ချိုးဖောက်ခဲ့ခြင်းမရှိဟု ဆိုသည်။ 

မြောက်ကိုရီးယားကသာ အောက်တိုဘာလ (၁၄) ရက် အစောပိုင်းတွင် ၎င်း၏ အနောက်ဘက်ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ဒုံးကျည်ပစ်လွှတ်မှုနှင့် အမြောက်ဖြင့် အချက်ပေါင်း (၁၇၀) ပစ်ခတ်ခဲ့မှုတို့ဖြင့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောသည်။

Source: CNN, Reuters

Photo: KCNA ,